တရုတ်က တိဗက်သို့ဝင်ရောက်ခွင့်ကို တားမြစ်ထားကြောင်း အမေရိကန်ကွန်ဂရက်အစီရင်ခံစာ ဖော်ပြ

တရုတ်က တိဗက်သို့ဝင်ရောက်ခွင့်ကို တားမြစ်ထားကြောင်း အမေရိကန်ကွန်ဂရက်အစီရင်ခံစာ ဖော်ပြ

လွန်ခဲ့သည့်နှစ်များမှစ၍ နိုင်ငံခြားသံတမန်များ၊ ဂျာနယ်လစ်များနှင့် ခရီးသွားများအား တရုတ်နိုင်ငံ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ဝင်ရောက်ခွင့် မပြုကြောင်း အမေရိကန် ကွန်ဂရက်လွှတ်တော် ၏ နောက်ဆုံး အကဲဖြတ်အစီရင်ခံစာတွင် ဖော်ပြထားသောကြောင့် တင်းကျပ်စွာ အစောင့်ချထားသော ဒေသကို ဖွင့်လှစ်ရန် တရုတ်ကို ဖိအားပေးသည့် အမေရိကန်အစိုးရ၏ ကြိုးပမ်းမှုမှာ မအောင်မြင်ကြောင်း တွေ့မြင်ရသည်။

ကိုရိုနာဗိုင်းရပ်ကူးစက်မှုနှင့် အိမ်နီးချင်းစီချွမ်ပြည်နယ်ရှိ အမေရိကန်သံရုံးကို တရုတ်က ပိတ်သိမ်းမှုကြောင့် ၂၀၂၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက ကန့်သတ်ချက်များ ဖြေလျှော့သည့် လက္ခဏာမရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏မတ်လ ၁၇ ရက်က ထုတ်ပြန်သည့် ကွန်ဂရက်လွှတ်တော် နှစ်ပတ်လည် အစီရင်ခံစာ၌ ဖော်ပြထားသည်။

အဆိုပါ အတားအဆီးများတွင် အမေရိကန်သတင်းထောက်များအား နှောင့်ယှက်မှု၊ တိဗက်ပြင်ပရှိ တိဗက်လူမျိုးဒေသခံများနှင့် သံတမန်များ ထိတွေ့ဆက်ဆံမှုကို ကဖျက်ယဖျက်လုပ်ခြင်းနှင့် ပေကျင်းသံရုံးမှ အမေရိကန်သံမှူးများ တိဗက်သို့ လာရောက်ခြင်းကို တရုတ်အစိုးရမှ ငြင်းဆိုခြင်းများ ပါဝင်သည်။

ဟူစတန်ရှိ တရုတ်ကောင်စစ်ဝန်ရုံးအား သူလျှိုလုပ်သည်ဟုစွပ်စွဲကာ အမေရိကန်အစိုးရက ပိတ်ပစ်ခဲ့ခြင်းအတွက် လက်တုံ့ပြန်သည့်အနေဖြင့် စီချွမ်ပြည်နယ်ချန်ဒူးရှိ ဝါရှင်တန်၏ကောင်စစ်ဝန်ရုံးအား ၂၀၂၀ ခုနှစ် ဇူလိုင်လတွင် တရုတ်က ပိတ်လိုက်ခြင်းဖြင့် တိဗက်သို့ဝင်ရောက်ရန် အမေရိကန်၏ ကြိုးပမ်းအားထုတ်မှုများ ပြင်းပြင်းထန်ထန် ကန့်သတ်ခံရကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

တရုတ်အုပ်ချုပ်မှုကို ဆန့်ကျင်သည့် တိဗက်အရေးတော်ပုံ မတ်လနှစ်ပတ်လည်နေ့နှင့် ဇူလိုင်လတွင် ကျရောက်သော ဒလိုင်းလားမားမွေးနေ့ အပါအဝင် နိုင်ငံရေးအရ အကဲဆတ်သည့်အချိန်များတွင် ခရီးသွားများ လည်ပတ်ခွင့်လျှောက်ထားခြင်းကို ပယ်ချမှုများ များပြားလာကြောင်း အစီရင်ခံစာက ဆိုသည်။

ဝေးလံခေါင်သီပြီး လူဦးရေကျဲပါးသော နိုင်ငံအနောက်ဘက် တိဗက်ဒေသသည် ကပ်ရောဂါကာလအတွင်း ကူးစက်မှုနှုန်း နည်းပါးသော်လည်း အနီးတစ်ဝိုက်ရှိ ပြည်နယ်များမှ အာဏာပိုင်များသည် လွန်ခဲ့သည့်နှစ် အချိန်ကာလအများစုတွင် ခရီးသွားလာခွင့် ကန့်သတ်ချက်များကို ပြင်းထန်စွာအကောင်အထည် ဖော်ခဲ့သည်ဟု ဆိုသည်။

တရုတ်အာဏာပိုင်များက အမေရိကန်သတင်းထောက်များကို ဖမ်းဆီးခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် တိဗက်အနီးဒေသများမှ သတင်းပေးပို့ခြင်းများ မလုပ်နိုင်စေရန် အသွားအလာကန့်သတ်ချက်များကို မူမမှန်သောအကြောင်းပြချက်အဖြစ် အသုံးပြုခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲထားသည်ဟု မူဝါဒသုတေသနအဖွဲ့ POREG က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly