စစ်တပ်ထုတ်ကုန် မသိုလှောင်ရန်နှင့် စစ်ရှောင်ဒေသများတွင် ကုန်ပစ္စည်းများအား အမြတ်ထုတ်မရောင်းရန် KNDF သတိပေး

စစ်တပ်ထုတ်ကုန် မသိုလှောင်ရန်နှင့် စစ်ရှောင်ဒေသများတွင် ကုန်ပစ္စည်းများအား အမြတ်ထုတ်မရောင်းရန် KNDF သတိပေး

မတ်လ ၂၃ ရက်

ကရင်နီပြည်နယ်တွင် မြန်မာဘီယာ အပါအဝင် အာဏာသိမ်း စစ်တပ်ပိုင် ကုန်ပစ္စည်းများကို မသိုလှောင်ထားရန်နှင့် စစ်ဘေးရှောင်ဒေသများတွင် ကုန်ပစ္စည်းများအား ၁၀ ရာခိုင်နှုန်းထက် အမြတ်တင် မရောင်းရန် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ (KNDF) တပ်ရင်း (၁၅) က ယနေ့ မတ်လ ၂၃ ရက်နေ့တွင် သတိပေးတားမြစ် ထုတ်ပြန်လိုက်သည်။

KNDF တပ်ရင်း (၁၅) လှုပ်ရှားနယ်မြေအတွင်း စစ်တပ်ထုတ်ကုန်များဖြစ်သော Mytel၊ Premium Gold၊ Red Ruby ၊ အန်ဒမန်၊ မြန်မာဘီယာ၊ မန္တလေးတံဆိပ်ဘီယာများ၊ ဆင်မင်၊ ဒဂုံ၊ ကြံတံဆိပ် ဘိလပ်မြေ၊ Milky နို့ဆီများနှင့် ရွှေဖီဦး တီးမစ်လက်ဖက်ရည်ထုတ် အစရှိသည့် မည်သည့်ထုတ်ကုန်ပစ္စည်းမဆို မရောင်းချရန် KNDF က သတိပေး ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ယင်းအပြင် ထိုပစ္စည်းများအား လက်ဝယ်သိုလှောင်ထားခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းများ မလုပ်ကြရန်လည်း ပြောဆိုထားသည်။

KNDF နှင့် KA တပ်ဖွဲ့ဝင်များ လှုပ်ရှားရာနယ်မြေအတွင်းရှိ ကျေးရွာများနှင့် စစ်ဘေးရှောင်ဒေသများတွင် စားသောက်ကုန် ပစ္စည်းများ ရောင်းချနေသော ကုန်စုံဆိုင်များနှင့် ဈေးဆိုင်များ သတိပေးခြင်းဖြစ်သည်။

KA တပ်ဖွဲ့က အကြီးအကဲများ ၊ KNDF တပ်ရင်း(၁၅)မှ တပ်ဗိုလ်တပ်မှူးများနှင့် ကျေးရွာလူထုအကြီးအကဲများ၏ ဆုံးဖြတ်ချက်အရ ထိုသို့ တားမြစ်ထားခြင်း ဖြစ်ကြောင်း KNDF က ဆိုသည်။

စစ်အာဏာရှင်တော်လှန်ရေး အားကောင်းရာ ဒေသအများစုနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးနယ်မြေများတွင် အာဏာသိမ်းစစ်တပ်ပိုင် ထုတ်ကုန်များကို သပိတ်မှောက်ထားပြီး ရောင်းဝယ်ဖောက်ကားပါက ပြင်းပြင်းထန်ထန်အရေးယူမည်ဟု သတိပေးထားမှုများ ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required