အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဒေါ်အာင်ဆန်းစုကြည် အပြီးသတ်နိုင်မလား

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဒေါ်အာင်ဆန်းစုကြည် အပြီးသတ်နိုင်မလား

မျှော်လင့်ချက်များကတော့ အလားလာကောင်းလျက်ရှိပြီး အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် စာချုပ်ကို ချုပ်ဆိုနိုင်ဖွယ်ရာရှိသည်။ လာမည့်လွှတ်တော်တွင် အမတ်နေရာ အများစု ပါဝင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် ဇန်နဝါရီလလယ်ပိုင်းတွင် အစိုးရက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပြုလုပ်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွင် ပထမဆုံးအကြိမ် တက်ရောက်ခဲ့သည်။ ငြိမ်းချမ်းရေးမူဘောင်သဘောတူညီချက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ ပါဝင်လက်မှတ်မထိုးခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ် အပြီးသတ် ရေးထိုး နိုင်ရေးအတွက် အားသွန်ခွန်စိုက် လုပ်ဆောင်သွားမည်ဟု ပြောဆိုခဲ့ကြောင်း အေပီသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်လာခြင်းကြောင့် အပစ်အခတ် ရပ်စဲရေး စာချုပ်များတွင် ပါဝင်မထားသည့် လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး စာချုပ်ချုပ်နိုင်ရန် အစိုးရအနေဖြင့် အလားအလာ ကောင်းလျက်ရှိသည်။ အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ များအနေဖြင့် ယင်းတို့အား တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် စစ်တပ်အရာရှိဟောင်းများ ပါဝင်သော သမ္မတဦးသိန်းစိန်အစိုးရထက် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့အပေါ် ပိုမိုယုံကြည်မှု ရှိနိုင်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သည့် အစိုးရအနေဖြင့် တိုင်းရင်းသားတို့၏ အကျိုးကို ဆောင်ရွက်ပေးမည်ဆိုသည်ကို လက်ခံလာစေရန်နှင့် လက်မှတ် မရေးထိုးသေးသည့် လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်များ ရရှိစေရန် ဒေါ် အောင်ဆန်းစုကြည်အနေဖြင့် အခြားနည်းလမ်းများကို လုပ်ဆောင်ခွင့် ရနေပြီဖြစ်သည်။

နိုဝင်ဘာလအတွင်း ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရခဲ့ရာတွင် တိုင်းရင်းသားပါတီများ လွှတ်တော်တွင် နေရာအနည်းငယ်သာ ရရှိခဲ့ပြီး တိုင်းရင်းသားအများစုရှိသည့် နေရာများတွင်ပင် အင်န်အယ်လ်ဒီပါတီမှ မြန်မာတိုင်းရင်းသား ကိုယ်စားလှယ်များက အနိုင်ရခဲ့သည်။ အစိုးရအဖွဲ့တွင် တိုင်းရင်းသား နိုင်ငံရေးသမားများကို နေရာပေးခြင်းဖြင့် အင်န်အယ်လ်ဒီ အနေဖြင့် တိုင်းရင်းသားတို့၏ အရေးကို ထည့်သွင်းစဉ်းစားသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် အင်န်အယ်လ်ဒီပါတီက ထုတ်ပြန်ကြေညာပေးနိုင်သည်။

မြန်မာနိုင်ငံ၏ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုပုံစံနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်း စုကြည်အနေနှင့် ရှင်းလင်းစွာ ပြောထားနိုင်သည်။ မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ အားလုံးနီးပါးက လက်ခံထားသကဲ့သို့ လူမျိုး၊ ဘာသာအမျိုးမျိုးရှိနေသည့် မြန်မာနိုင်ငံအား ဖက်ဒရယ်စနစ် တစ်နည်းနည်းဖြင့်သာ အောင်မြင်စွာ အုပ်ချုပ်နိုင်မည်ဖြစ်သည်။

ကချင်တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာတူးဂျာက “ကျွန်တော်တို့ အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဦးတည်ထားပါတယ်လို့ သမ္မတဦးသိန်းစိန်က ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ မိန့်ခွန်းမှာ ပြောကြားခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ကလည်း ဒီလိုပဲ ပြောထားပါတယ်။ မေးစရာတစ်ခုက ဘယ်လို ဖက်ဒရယ်ပုံစံမျိုးကို သွားမှာလဲ ဆိုတာပါပဲ” ဟု ဇန်နဝါရီ လလယ်အတွင်းက ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး စာချုပ်ရေးထိုးနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပထမဆုံး ဆောင်ရွက်ချင်ပေလိမ့်မည်။ မည်သည့်အစိုးရမဆို နိုင်ငံပိုင်နက်ကို ထိန်းချုပ်နိုင်ရေးနှင့် စစ်တပ်ကို အပြည့်အဝထိန်းချုပ်နိုင်ရန် လိုအပ်မည်ဖြစ်သည်။ ဒေါက်တာတူးဂျာ ပြောသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် အင်န်အယ်လ်ဒီပါတီတို့အနေဖြင့် သူ့အစိုးရလက်ထက်တွင် မည်သည့် ဖက်ဒရယ်ပြည်ထောင်စုပုံစံမျိုး ဖော်ဆောင်မည် ဆိုသည်ကို ပိုမိုရှင်းလင်းအောင် ပြောကြားထားရန် လိုပေလိမ့်မည်။

ထိုသို့ မဟုတ်ပါက လက်တွေ့ကျသည့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ရနိုင်ဦးမည် မဟုတ်ပေ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် စိန်ခေါ်ချက်အချို့သည် ခက်ခဲနက်နဲသောကြောင့် လူကြိုက်များထင်ရှားမှုဖြင့် ရွေးချယ်တင်မြှောက်ခံခဲ့ရသည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် မည်ကဲ့သို့ ဖြေရှင်းနိုင်ဆိုသည်မှာ စဉ်းစားရ ခက်ပေသည်။

အင်အားအကောင်းဆုံး လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် တွင် တပ်ဖွဲ့အင်အား နှစ်သိန်းမှ သုံးသိန်း၊ လက်နက်ကြီးများ၊ ယူနန်ပြည်နယ်မှ တရုတ်ခေါင်းဆောင်များနှင့် ကောင်းမွန်သော ဆက်ဆံရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၀ ဒေသအား ကောင်းမွန်စွာ ထိန်းချုပ်နိုင်စွမ်းရှိထားသည်။ ထွက်ပေါ်ခဲ့သည့် အစီရင်ခံစာများ အရ ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး ဘိန်းနှင့် မက်သာဖက်သာမင်းလုပ်ငန်းများ လုပ်ကိုင်နေသည့် ဝအဖွဲ့အစည်းသည်ပင် ဝတပ်မတော်လက်အောက်တွင် ရှိသည်။ 

မြန်မာစစ်တပ်က ဆယ်စုနှစ်နှစ်ခုကြာသည့်တိုင် ထိန်းချုပ်နိုင်စွမ်းမရှိသေးသည့် ဝတပ်မတော်သည်  နိုင်ငံမြောက်ပိုင်း ဝတိုင်းရင်းသားများ အဓိက ထိန်းချုပ်လျက်ရှိသည်။ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် အနေဖြင့် အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် လက်မှတ်ရေးထိုးပါက ယင်းဒေသအတွင်း အပြည့်အဝထိန်းချုပ်မှုကို စွန့်လွှတ်ရမည် ဖြစ်သကဲ့သို့ ယခုအချိန်တွင် ဝဒေသ၏ အကြီးဆုံးစီးပွားရေးလုပ်ငန်းဖြစ်သည့် မူးယစ်ဆေးဝါးထုတ်လုပ်မှုကို ရပ်ဆိုင်းရမည်ဖြစ်သည်။

ဝဒေသအား ထိန်းချုပ်မှုအပေါ် လွှဲပြောင်းပေး ရန်နှင့် မူးယစ်ဆေးရောင်းဝယ် ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းအား စွန့်လွှတ်နိုင်ရန် ပြည်ထောင်စုအစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက ဝတပ်မတော်အား မည်သည့်ဘဏ္ဍာရေး ထောက်ပံ့မှု နည်းလမ်းများကို အသုံးပြုလာမည်နည်း။ ဝဒေသအတွက် နိုင်ငံခြားမှ အကူအညီပေး သူများနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကတိကဝတ်များ ရရှိသည့်တိုင် လက်ရှိလုပ်ကိုင် နေသည့် မူးယစ်ဆေးဝါး လုပ်ငန်းကဲ့သို့ ငွေကြေးအမြောက်အများ ရရှိနိုင်မည်မဟုတ်ပေ။ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ခဲ့သည့် အစည်းအဝေးသို့ပင် ဝတပ်မတော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ခြင်းမရှိခဲ့သည်မှာလည်း အံ့အားသင့်ဖွယ်ရာမဟုတ်ပေ။

 

(ယခုဆောင်းပါးကို ရေးသားသူ Joshua Kurlantzick သည် ပြည်ပ ဆက်ဆံရေးကောင်စီ၏ အရှေ့တောင်အာရှရေးရာ ဌာနဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်သည်။ မူရင်း - http://thediplomat.com/)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags