ရှင်သန်ရပ်တည်ရေး ခြိမ်းခြောက်ခံရလျှင် နျူကလီးယားလက်နက် ထုတ်သုံးနိုင်ဟု ရုရှပြော 

ရှင်သန်ရပ်တည်ရေး ခြိမ်းခြောက်ခံရလျှင် နျူကလီးယားလက်နက် ထုတ်သုံးနိုင်ဟု ရုရှပြော 
Kremlin spokesman Dmitry Peskov [File: Evgenia Novozhenina/Reuters]

မတ် ၂၃

ရုရှနိုင်ငံအနေဖြင့် ရှင်သန်ရပ်တည်ရေး အလွန်ခြိမ်းခြောက်ခံလာရလျှင် နျူကလီးယားလက်နက် ထုတ်သုံးရလိမ့်မည်ဖြစ်သည်ဟု ရုရှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပီးစကော့ဗ်က ပြောသည်။ 

ယူကရိန်းအရေးတွင် သမ္မတ ဗလာဒီမာ ပူတင်အနေဖြင့် နျူကလီးယား ရွေးချယ်ခွင့်ကို သုံးစွဲလိမ့်မည် မဟုတ်ဘူးဆိုခြင်းအား “ယုံကြည်စိတ်ချသလား” ဆိုသော CNN သတင်းဌာနမှ အင်တာဗျူးသူ၏ အမေးကို ပီးစကော့ဗ်က ပြန်လည်ဖြေဆိုရင်း မှတ်ချက်ပြု ပြောဆိုခြင်း ဖြစ်သည်။ 

“ကျွန်တော်တို့မှာ ပြည်တွင်း လုံခြုံရေး အမြင်သဘောထားတွေ ရှိတယ်၊ နျူကလီးယား လက်နက် အသုံးပြုဖို့ အကြောင်းရင်းခံအားလုံးကိုလည်း ကျွန်တော်တို့ တွက်ဆထားတယ်”ဟု ၎င်းက ပြောသည်။ 

“တကယ်လို့ ကျွန်တော်တို့ နိုင်ငံအတွက် ရှင်သန်ရပ်တည်ရေး ခြိမ်းခြောက်မှု ရှိရင် ကျွန်တော်တို့ ခံယူချက်အရပဲ နျူကလီးယားလက်နက် ထုတ်သုံးလာမှာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ 

ရုရှ၏ နျူကလီးယားတပ်ဖွဲ့အား အထူးတပ်လှန့်အနေအထားဖြင့် ရှိရန် ပူတင်က ပြီးခဲ့သည့်လအတွင်း အမိန့်ထုတ်ခဲ့သည်။ 

ယင်း အမိန့်အရ ရုရှ နျူကလီးယား တပ်ဖွဲ့နှင့် မြောက်ပိုင်းနှင့် ပစိဖိတ်တပ်စုများကို တိုက်ခိုက်ရေးတာဝန်ဖြင့် ထားရှိထားသည်ဟု ရုရှကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၈ ရက်၌ ပြောကြောင်း Interfax သတင်းဌာနက ဖော်ပြသည်။ 

“တစ်ချိန်က မစဉ်းစားဝံ့တဲ့ နျူကလီးယား ပဋိပက္ခ အလားအလာဟာ ဖြစ်နိုင်ခြေ အဝန်းအဝိုင်းထဲ ပြန်လည်ရောက်ရှိလာပြီဖြစ်တယ်”ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်က မတ် ၁၄ ရက်တွင် ပြောသည်။ 

ယူကရိန်းတွင် ရုရှ၏ စစ်ဆင်မှုသည် “ကြိုတင်စီစဉ် အကွက်ချထားသည့်အတိုင်း တင်းကျပ်စွာ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း” ပီးစကော့ဗ်က CNN သို့ ပြောသည်။ 

ရုရှ၏ နည်းဗျူဟာများသည် “ရက်စက်ကြမ်းကြုတ်မှု” တိုးလာကြောင်း အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်က ထုတ်ဖော်ပြောဆိုလျက် ယူကရိန်းတွင် ပူတင်သည် ဓာတုနှင့် ဇီဝ လက်နက်များ အသုံးပြုရန် စဉ်းစားနေသည်ဟု သတိပေးခဲ့ပြီးနောက် ယခုကဲ့သို့ ပီးစကော့က ပြောဆိုလာခြင်းပဲ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly