အီမရန် ခန်းသည် ပါကစ္စတန်ကို ဖျက်ဆီးရန် ဝန်ကြီးချုပ်တာဝန်ယူခဲ့သူဟု အတိုက်အခံ ခေါင်းဆောင် ဝေဖန်

By Zee5
22 March 2022
အီမရန် ခန်းသည် ပါကစ္စတန်ကို ဖျက်ဆီးရန် ဝန်ကြီးချုပ်တာဝန်ယူခဲ့သူဟု အတိုက်အခံ ခေါင်းဆောင် ဝေဖန်

ပါကစ္စတန်ဝန်ကြီးချုပ် အီမရန် ခန်းသည် နိုင်ငံကို ဖျက်ဆီးရန် အာဏာရလာခဲ့သူဖြစ်ပြီး လက်ရှိ ကုန်ဈေးနှုန်း မြင့်တက်မှုကြောင့် ပြည်သူများ ထိခိုက်ခံစားနေရမှုများကိုလည်း ၎င်းအနေဖြင့် မည်သည့်အခါကမှ အလေးထားပူပန်ခဲ့ခြင်း မရှိသည်မှာ ရှင်းလင်းနေကြောင်း အတိုက်အခံ ခေါင်းဆောင်ဖြစ်သည့် ပါကစ္စတန် မွတ်ဆလင်အဖွဲ့ချုပ် (PML-N) ပါတီဥက္ကဋ္ဌ ရှာဘတ်ဇ် ရှာရစ်ဖ်က ဝေဖန်ပြောဆိုလိုက်သည်။

နိုင်ငံတွင် အာလူးနှင့် ခရမ်းချဉ်သီး ဈေးနှုန်းများ မြင့်တက်မှုနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ် ခန်း၏ ပြောဆိုချက်တစ်ခုအပေါ် ရှာရစ်ဖ်က အထက်ပါ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် အီမရန် ခန်းသည် မတ်လ ၁၃ ရက်က ပန်ဂျပ်ပြည်နယ် ဟာဖီဇာဘတ်မြို့ လူထုစည်းဝေးပွဲတစ်ခု၌ မိန့်ခွန်းပြောဆိုခဲ့ရာတွင် ၎င်းသည် “အာလူးနှင့် ခရမ်းချဉ်သီး” ဈေးနှုန်းများအကြောင်း သိရှိနိုင်ရန် နိုင်ငံရေးလောကထဲ ဝင်ရောက်ခဲ့သူ မဟုတ်ကြောင်း၊ ယင်းအစား ၎င်းသည် “နိုင်ငံရှိ လူငယ်ထု၏ အကျိုးအတွက်” နိုင်ငံရေးသမားတစ်ဦး ဖြစ်လာခဲ့သူ ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ ရှာရစ်ဖ်၏ တုံ့ပြန်မှု ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ဟာဖီဇာဘတ်တွင် ပြောကြားသွားခဲ့သော ခန်း၏ မိန့်ခွန်းကို ကြည့်မည်ဆိုပါက ယင်းသည် “၎င်း၏ ရှုံးနိမ့်နေမှုကို ပြသသည့် သက်သေ” ပင် ဖြစ်ကြောင်း ရှာရစ်ဖ်က တရားဝင် ထုတ်ပြန်ချက်တစ်ခုတွင် ပြောခဲ့သည်ဟု Geo News က ဖော်ပြသည်။

ခန်းသည် “ဥပဒေနှင့် မညီသော ဆောက်လုပ်ရေး စီမံချက်” များ ဖန်တီးနိုင်ရန်နှင့် “၎င်း၏ ငွေမည်းများကို ငွေဖြူအဖြစ် ပြောင်းလဲနိုင်ရန်” အတွက် ဝန်ကြီးချုပ်တာဝန်ယူထားခဲ့သူဖြစ်ကြောင်း PML-N ဥက္ကဋ္ဌက ဆက်လက်ပြောဆိုခဲ့သည်ဟု Geo News က ဖော်ပြသည်။

နိုင်ငံတွင် ကုန်ဈေးနှုန်းတက်မှုနှင့် ပတ်သက်ပြီး ခန်းအပေါ် ရှာရစ်ဖ်က ထပ်မံ ဝေဖန်ပြောကြားရာတွင် အီမရန် ခန်း အာဏာရလာခဲ့သည့် အကြောင်းရင်းက ဓာတ်ဆီဈေးနှုန်းကို ၉၆ ရူပီးမှ ၁၆၀ ရူပီးအထိ တိုးမြှင့်ရန် ဖြစ်ကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly