မအူပင်မြို့တွင် လေပြင်းတိုက်သည့် ရုပ်သံဖိုင် လူမှုကွန်ရက်ပေါ် တင်သူကို စစ်ကောင်စီတပ် ဖမ်းဆီး

မအူပင်မြို့တွင် လေပြင်းတိုက်သည့် ရုပ်သံဖိုင် လူမှုကွန်ရက်ပေါ် တင်သူကို စစ်ကောင်စီတပ် ဖမ်းဆီး
Photo : CJ

မတ်လ ၂၁ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် ယမန်နေ့ မတ်လ ၂၀ ရက် ညနေပိုင်းက မုန်တိုင်း အရှိန်ကြောင့် လေပြင်းများ တိုက်ခတ်သည့် ရုပ်သံဖိုင်အား လူမှုကွန်ရက်ပေါ် တင်ခဲ့သည့် အမျိုးသားကို စစ်ကောင်စီ တပ်များနှင့် ရဲများက ဖမ်းဆီးသွားကြောင်း ဒေသခံများ ထံက သိရသည်။

ဖမ်းဆီး ခံရသူသည် မအူပင်မြို့ အမှတ် (၅) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၀ ကျော်အရွယ် ကိုစိုင်းနေမျိုးသန့် ဆိုသူဖြစ်ပြီး ရုပ်သံဖိုင် တင်ခဲ့သည့် ညပိုင်းတွင် စစ်ကောင်စီတပ်များ ဝင်ရောက် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

"အဖမ်းခံရတဲ့ သူက နိုင်ငံရေး ဘာမှ လုပ်တဲ့သူ မဟုတ်ဘူး၊ အေးအေးဆေးဆေး အရောင်းအဝယ် သမားပါ။ နိုင်ငံရေးနဲ့ ပတ်သက်တာ ဆိုလို့ Facebook မှာ ကျန်ခဲ့တဲ့ တစ်နှစ်လောက်က တင်တာလေး တစ်ခု နှစ်ခု လေးပဲ ရှိတယ်။ မနေ့က သူတင်တဲ့ ဗီဒီယိုဖိုင် ကလည်း ကြည့်တဲ့သူနဲ့ ရှယ်တဲ့သူ တော်တော်များ သွားတော့ ရဲတွေက သူ့အကောင့်ကို ဝင်မွှေတာ ဖြစ်နိုင်တယ်" ဟု ဒေသခံက ဆိုသည်။

လက်ရှိ ကိုစိုင်းနေမျိုးသန့် အား မအူပင်မြို့မ ရဲစခန်းတွင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required