အာဆီယံ အထူးကိုယ်စားလှယ်၏ နေပြည်တော် ခရီးစဉ်ကို GSCB ရှုတ်ချ

အာဆီယံ အထူးကိုယ်စားလှယ်၏ နေပြည်တော် ခရီးစဉ်ကို GSCB ရှုတ်ချ

မတ် ၂၁

အာဏာသိမ်း စစ်ကောင်စီကို အားပေးအားမြှောက် ပြုသည့် အာဆီယံ အထူးကိုယ်စားလှယ် မစ္စတာ ပရက်ဆိုခွန်း၏ နေပြည်တော် ခရီးစဉ်ကို အပြင်းအထန် ကန့်ကွက်ကြောင်း အထွေထွေ သပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု - GSCB က ယနေ့ မတ်လ ၂၁ ရက်နေ့တွင် ထုတ်ပြန် လိုက်သည်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာသည့် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ပရက်ဆိုခွန်းသည် ၎င်း အာဆီယံအထူး ကိုယ်စားလှယ် ဖြစ်ပြီးနောက် ပထမဆုံးအကြိမ် ခရီးစဉ် အဖြစ် ယနေ့ မတ်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ခြင်း ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်၏ ယခုနှစ် ဇန်နဝါရီလ အတွင်းက ခရီးစဉ် အပြီး အာဆီယံ အထူးကိုယ်စားလှယ် ပရက်ဆိုခွန်း၏ ခရီးစဉ် စတင်လာခြင်း ဖြစ်သည်။

၎င်းသည် နေပြည်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအဝင် စစ်ကောင်စီ အဖွဲ့ဝင်များနှင့် တွေ့ဆုံမည် ဖြစ်ပြီး နိုင်ငံရေးပါတီ တချို့နှင့်လည်း တွေ့ဆုံသွားရန် ရှိနေသည်။

NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နှင့် တွေ့ဆုံမည့် အစီအစဉ်ကိုမူ အချိန် မလုံလောက်ဟု ဆိုကာ စစ်ခေါင်းဆောင်က ဖျက်သိမ်းလိုက်သည်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ယခုနှစ် ဖေဖော်ဝါရီ လလယ်ပိုင်းက ကျင်းပခဲ့သော အာဆီယံ အစည်းအဝေးက တိုက်တွန်းထားသည့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) တို့နှင့် တွေ့ဆုံရန်နှင့် NUCC ပြည်သူ့ ညီလာခံ၏ ဆုံးဖြတ်ချက် များကို အာဆီယံ အထူးကိုယ်စားလှယ်က ယခု ခရီးစဉ်တွင် ထည့်သွင်း မထားဘဲ မျက်ကွယ်ပြုထားသည်ဟု GSCB ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် မြန်မာနိုင်ငံ နေရာအနှံ့ စစ်ကောင်စီက ဆက်တိုက် ကျူးလွန်နေသည့် အကြမ်းဖက်မှုများ ရပ်တန့်ရေးအတွက် အာဆီယံ အထူးကိုယ်စားလှယ်က တောင်းဆိုရန် ပျက်ကွက် ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

စစ်တပ် အလိုကျ ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အောက်ကို ပြန်လည် သွတ်သွင်းသည့် အာဆီယံ အပါအဝင် နိုင်ငံတကာ၏ မည်သည့် ကြိုးပမ်းမှုမျိုးကို မဆို ပြတ်ပြတ်သားသား ဆန့်ကျင်သွားမည် ဖြစ်ကြောင်းလည်း အထွေထွေသပိတ် ပေါင်းစပ် ညှိနှိုင်းရေး အင်အားစု- GSCB က ထုတ်ပြန်ထားသည်။

#Mizzima

#အာဆီယံအထူးကိုယ်စားလှယ်

#နေပြည်တော်

#GSCB

#ရှုတ်ချ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required