ပါကစ္စတန် ကရာချိမြို့တွင် ကျောင်းသားမရှိဘဲ ဆရာများကို အလုပ်ခန့်ထားသည့် စာသင်ကျောင်း‌ပေါင်း ရာနှင့်ချီ ရှိနေ

ပါကစ္စတန် ကရာချိမြို့တွင် ကျောင်းသားမရှိဘဲ ဆရာများကို အလုပ်ခန့်ထားသည့် စာသင်ကျောင်း‌ပေါင်း ရာနှင့်ချီ ရှိနေ

ပါကစ္စတန်နိုင်ငံ ကရာချိမြို့၌ စာသင်ကျောင်းပေါင်း ၂,၈၄၄ ကျောင်း ရှိသည့်အနက် စာသင်ကျောင်း ၂၇၆ ကျောင်းသည် ကျောင်းသားမရှိဘဲ ဆရာများသာ ရှိနေသည့် ကျောင်းများ ဖြစ်နေကြောင်း The News International ၏ သတင်းတစ်ရပ်အရ သိရသည်။

အဆိုပါ စာသင်ကျောင်း ၂၇၆ ကျောင်းတွင် တက်ရောက်သင်ယူသည့် ကျောင်းသားတစ်ဦးတစ်ယောက်မှ မရှိသော်လည်း ဆရာ ၃၁၇ ဦးကို အလုပ်ခန့်အပ်ထားကြောင်းနှင့် ယင်းကိစ္စနှင့်ပတ်သက်ပြီး အာဏာပိုင်များ ဘက်ကလည်း မှတ်ချက်ပေးရန် ဝန်လေးနေကြောင်း သိရသည်။

ဆင်းဒ်ပြည်နယ် စာသင်ကျောင်း ပညာရေးနှင့် စာတတ်မြောက်မှုဌာန၏ ပြုပြင်ပြောင်းလဲရေး ထောက်ကူမှုဌာနစိတ် (RSU) ၏ ၂၀၁၉ သန်းခေါင်းစာရင်းအရ ကရာချိမြို့ရှိ စာသင်ကျောင်း ၂၇၆ ကျောင်းတွင် ကျောင်းအပ်နှံမှုများ လုံးဝ မရှိကြောင်း သိရသည်။ ယင်းအရေအတွက်သည် ပါကစ္စတန်၏ အကြီးဆုံးမြို့ ကရာချိမြို့၌ ရှိနေသည့် စာသင်ကျောင်း စုစုပေါင်း၏ ၉ ဒသမ ၇ ရာခိုင်နှုန်း ဖြစ်သည်။

အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းပညာရေးဌာန ညွှန်ကြားရေးမှူး ရှာဟစ် ဇာမန်နှင့် မူလတန်းကျောင်းပညာရေးရုံးမှ ညွှန်ကြားရေးမှူး အဘီဒါ လော့ဒ်ဟီတို့ထံ သတင်းဌာနက သွားရောက်မေးမြန်းခဲ့ရာတွင် စိတ်ပျက်စရာ ရလဒ်သာ ထွက်ပေါ်ခဲ့ပြီး ၎င်းတို့နှစ်ဦးစလုံးမှာ ထိုကိစ္စနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

ကရာချိမြို့ စာသင်ကျောင်း ပညာရေး ညွှန်ကြားမှု ဦးစီးဌာနမှ စာရင်းအချက်အလက်များအရ ကျားမ စာသင်ကျောင်း ၁၁၉ ကျောင်း၊ ယောကျ်ားလေးစာသင်ကျောင်း ၁၁၉ ကျောင်းနှင့် မိန်းကလေးစာသင်ကျောင်း ၃၈ ကျောင်းတို့တွင် ကျောင်းအပ်နှံမှု လုံးဝ မရှိကြောင်းကို ပြသနေကြောင်း The News International က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly