ကျဆုံးနိုင်ငံတော်သို့ ဦးတည်နေပြီဟု CNF သတိပေး

ကျဆုံးနိုင်ငံတော်သို့ ဦးတည်နေပြီဟု CNF သတိပေး

မတ် ၂၀

စစ်ကောင်စီက မတရား အာဏာသိမ်းခဲ့သည့် တစ်နှစ် ကာလ အတွင်း တိုင်းပြည်သည် အဆိုးဆုံး အခြေအနေသို့ ရောက်ရှိနေသည့် အပြင် လူမှုစီးပွား အခြေအနေများ ပိုမိုဆိုးရွားကာ ကျဆုံးနိုင်ငံ (Failed State) သို့ ဦးတည် နေကြောင်း မတ်လ ၂၀ ရက် ယနေ့ ကျရောက်သည့် (၃၄) နှစ်မြောက် ချင်းတော်လှန်ရေးနေ့တွင် ချင်းအမျိုးသား တပ်ဦး CNF က ထုတ်ပြန် ကြေညာသည်။

ယနေ့သည် လွတ်လပ်မှု၊ တန်းတူမှု နှင့်ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အာမခံချက် အပြည့်အဝ ရှိပြီး ချင်းပြည်ထောင်နှင့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး အတွက် ချင်းအမျိုးသား တပ်ဦး ဖွဲ့စည်း၍ လက်နက်ကိုင် တော်လှန်ခဲ့သည့် (၃၄) နှစ်ပြည့် ဖြစ်သည်။

တော်လှန်ရေး ကာလအတွင်း အသက်ပေးလှူ သွားသော ရဲဘော် ရဲမေ များနှင့် ပြည်သူများအား ဦးညွှတ် ဂါရဝပြုကြောင်း ဖော်ပြသည်။

ချင်းအမျိုးသားတပ်ဦးသည် လူတန်းစား တစ်ရပ်၊ မျိုးနွယ်စု တစ်စိတ်တစ်ပိုင်း၊ ဘာသာ အယူဝါဒတို့ အတွက် တိုက်ပွဲဝင်နေခြင်း မဟုတ်ဘဲ ချင်းသာမက ပြည်ထောင်စု တိုင်းရင်းသား တစ်ရပ်လုံး ပါဝင်သည့် ပြည်သူ့ တော်လှန်ရေး လမ်းစဉ် ကိုင်စွဲ၍ နိုင်ငံရေး ရပ်တည်ချက်တူသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် လက်တွဲ တိုက်ပွဲဝင်မည် ဖြစ်ကြောင်း ဆိုသည်။

ချင်းပြည် ပြန်လည် ထူထောင်ရေး အတွက် ဒေသ ကာကွယ်ရေး တပ်ဖွဲ့များ ညီနောင် မဟာမိတ်များနှင့် လက်တွဲကာ စစ်ရေးအရှိန် ဟန်ချက်ညီညီ မြှင့်တင်ပြီး စစ်ကောင်စီအား တိုက်ခိုက် ချေမှုန်းရန်နှင့် ဒေသ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးများ တစ်ဆင့်ချင်း အကောင်ထည် ဖော်မည်ဟု ဖော်ပြသည်။

ထို့အပြင် တော်လှန်ရေးတွင် ကျွမ်းကျင်မှု အလိုက် ပါဝင် လက်တွဲကြရန်၊ စစ်ကောင်စီနှင့် ပူးပေါင်း လုပ်ဆောင်မှုများ အခွင့်အရေး တောင်းဆိုမှုများ အထူး ရှောင်ရှားရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

#Mizzima

#ချင်းပြည်

#CNF

#ချင်းတော်လှန်ရေးနေ့

#လူမှုစီးပွား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required