ငွေစက္ကူအတု နှင့် သတင်းတုများ

ငွေစက္ကူအတု နှင့် သတင်းတုများ

မတ်လ ၁၉ ရက်

ငွေစက္ကူအတု နှင့် သတင်းတုများ

ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုဖြစ်သည့် ဖေ့စ်ဘုတ်တွင် အပြောများနေသည့် ငွေတုရောင်းဝယ်မှု၊ ပြည်သူများအကြား ပြန့်နှံ့မှုများ၊ ဗဟိုဘဏ်၏ ပြောဆိုချက်များအပြင် စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များမှ စတင်ဖြန့်ဝေခဲ့သည့် ငွေစက္ကူအတု နှင့် ပတ်သက်သည့် သတင်းတုများအကြောင်းကို မဇ္ဈိမ မှ ရှာဖွေ စုဆောင်းတင်ပြ လိုက်ပါသည်။

ငွေအတု ရောင်းသည့် ပေ့ချ်များနှင့် ဆက်စပ်မှုများ

ငွေအတုရောင်းသည် ဟု ၎င်းတို့ကိုယ်တိုင်ကြေငြာထားသည့် ဖေ့ဘုတ်စာမျက်နှာများသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ မှစတင်ကာ ပြန့်နှံ့ခဲ့သည်။ ထိုနောက်တွင် ထိုင်းထီဖြစ်သည့် 2D 3D ပေ့ချ်များ၊ ငွေချေးလုပ်ငန်းများ၊ လူပုဂ္ဂိုလ်အမည်များဖြစ်သည့် ဦးတိုင်းကျော်၊ ဒေါ်မိုးမိုးခိုင် စသည့်အမည်များ၊ ဦးသိမ်းဖြိုး ငွေချေးလုပ်ငန်းရှင် စသည့်အမည်များဖြင့် စတင်အသုံးပြုခဲ့ပြီး ယခုနှစ် ၂၀၂၂ ဖေဖော်ဝါရီနှင့် မတ်လအရောက်တွင် ငွေစက္ကူအတုရောင်းဝယ်ရေးဟု အသီးအသီး အမည်ပြောင်းလဲကာ ဆက်လက်အသုံးပြုနေသော ပေ့ချ်များ အများအပြား ရှိနေသည်။

ပေ့ချ်များတွင် ငွေအတုရောင်းဝယ်ရေးအတွက် ဆက်သွယ်ရန် ဖုန်းနံပါတ်များ ရေးသားထားသည့် ပေ့ချ်များရှိသကဲ့သို့ အချို့ပေ့ချ်များကိုမူ ဖေ့ဘုတ်မက်စင်ဂျာ မှ ဆက်သွယ်ရန်အတွက် ရေးသားထားသည်။ ၎င်းတို့အသုံးပြုသည့် ငွေစက္ကူထုတ် ပုံများ ၊ ပါကင်ထုတ်ပုံများ တွင် အချို့မှာ တူညီနေသည်ကိုတွေ့ရသည်။

ထိုပေ့ချ်များ၏ ဖုန်းနံပါတ်များထဲမှ ခြောက်ခုကို မဇ္ဈိမ မှဆက်သွယ်မေးမြန်းခဲ့ရာတွင် နှစ်ခုကိုသာ ဆက်သွယ်နိုင်ခဲ့ပြီး ကျန်နံပါတ်များကို ဆက်သွယ်မရခဲ့ပါ။ ငွေတုဖြန့်ဝေရေးအကြောင်း မေးမြန်းရာတွင် ငွေအစစ် ၃ သောင်းလျှင် ငွေအတု တစ်သိန်းရမည် ဖြစ်ပြီး ကားဂိတ်မှ ပို့ပေးမည် ဖြစ်ကြောင်း မည်သည့်လမ်းကြောင်းမှ ငွေအတုဝင်ရောက်သည်ကိုမူ မဖြေဆိုနိုင်ကြောင်း ငြင်းဆန်ခဲ့သည်။

အဆိုပါ ငွေအတုရောင်းဝယ်ရေးကို ဆက်သွယ်၍ ဝယ်ယူရန် ကြိုးပမ်းရာတွင် အနည်းဆုံး ၃ သောင်းမှ စတင်ဝယ်ယူရနိုင်ပြီး ဝယ်ယူသည့်ငွေ၏ ၁၀ ဆပြန်လည်ရနိုင်မည်ဟု ပြန်လည်ကမ်းလှမ်းမှုများ ရှိလို ငွေအစစ် ၃ သောင်းခွဲလျှင် ငွေတု ၃ သိန်းရမည် ဟုပြောဆိုမှုများလည်းရှိသည်။ သို့သော် ၎င်းတို့ ပေးပို့သည့် ဖုန်းနံပါတ်ဖြင့် Wave မှတစ်ဆင့် ငွေလွဲရောက်မှသာ ပစ္စည်းပေးပို့မည်ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း ဝယ်ယူရန် ကြိုးပမ်းခဲ့သည့် သူတစ်ဦးထံမှ သိရသည်။

ထို့ပြင် ငွေစက္ကူဖြန်ဖြူးရောင်းဝယ်ရေးဟူသည့်ပေ့ချ်မှ ဆက်သွယ်ရန်ဖော်ပြထားသည့် ဖုန်းနံပါတ်သည် မြစိမ်းရောင်အသေးစားချေးငွေလုပ်ငန်းဟူသည့် ပေ့ချ်မှ ဖော်ပြထားသည့် ဖုန်းနံပါတ်နှင့် တူညီနေသည်ကိုလည်းတွေ့ရသည်။ ထိုပေ့ချ်တွင်မူ နှစ်ကျပ်တိုးဖြင့် နှစ်သိန်း မှစ၍ သိန်း ၁၀၀ အထိ ငွေချေးသည်။ ငွေချေးသွားခဲ့သည်ဆိုသောပုဂ္ဂိုလ်၏ မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယား ကိုပါ တွဲလျက်ဖော်ပြထားသည်။ အလားတူ အချက်အလက်များကိုအသုံးပြု၍ အခြားငွေချေးလုပ်ငန်းအမည်နှင့် ပေ့ချ်များဖြစ်သည့် ရွှေအိမ်သူ အကြီးစားချေးငွေ ဌာနရုံး“Online Myanmar ချေးငွေလုပ်ငန်းဝန်ဆောင်မှုမြန်မာနိုင်ငံတော်မှဦးစီးသော မြစိမ်းရောင်ငွေချေးလုပ်ငန်းအောင်သမာဓိချေးငွေလုပ်ငန်းမြရတနာ ချေးငွေလုပ်ငန်းစသည့်ပေ့ချ်များကလည်း ချေးငွေများပေးလိုက်ပြီဖြစ်ကြောင်း ရေးသားဖော်ပြထားပြန်သည်။

သို့သော်ဖော်ပြပါ ငွေချေးလုပ်ငန်း ပေ့ချ်များကို မဇ္ဈိမ မှ ဆက်သွယ်မေးမြန်းခဲ့ရာတွင် ငွေချေးရန်အတွက် မှတ်ပုံတင်၊ အမည်၊ နေရပ်လိပ်စာ၊ အိမ်ထောင်စုဇယား စသည့် ကိုယ်ရေးအချက်အလက်များကို တောင်းယူပြီး ဝန်ဆောင်ခအနေဖြင့် ၁၀ သိန်းချေးလျှင် ငါးသောင်းကုန်ကျမည်ဖြစ်ကြောင်း နှင့် ဝန်ဆောင်ခကြိုတင်လွှဲမှသာ ချေးငွေပေးမည်ဟု ပြောကြားကြသည်။

ပြည်သူများကြား ပြန့်နှံ့နေသည့် ငွေစက္ကူအတုများ

ထိုသို့ ငွေစက္ကူအတု ရောင်းဝယ်မှုများ ကျယ်ပြန့်ခဲ့ပြီးနောက် ဇန်နဝါရီ ၂၁ ရက်နေ့တွင် “Khin Thuzar” ဟူသည့် ဖေ့ဘုတ်အကောင့်မှ ၎င်းဆိုင်မှ အလုပ်သမား အလိမ်ခံလိုက်ရသည်ဟု ရေးသားကာ ၅၀၀၀ ကျပ်တန် အတုနှင့် အစစ်ကို ယှဉ်တွဲဖော်ပြပြီး ခြားနားချက်များကို ဖော်ပြထားသည်။ နောက်တွင် လက်သန့်ဆေးရည်ဖြင့် ငွေစက္ကူ နှစ်ရွက်ပေါ် ဖျန်းပြီးသည့်နောက် ငွေစက္ကူအတုတွင် ဆေးရောင်များ ကျွတ်လာသည့် ဗီဒီယိုဖိုင်ကိုလည်း ထည့်သွင်းဖော်ပြထားသည်။ အဆိုပါ အကြောင်းအရာကို ပြန်လည်မျှဝေသူ သုံးသောင်းခြောက်ထောင်ကျော် ရှိခဲ့ပြီး ပြန်လည်ကူးယူတင်ပြသူများ အများအပြားရှိခဲ့သည်။ ထိုအကောင့်ပိုင်ရှင်ကို မဇ္ဈိမ မှ မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း အကြောင်းပြန်ကြားခြင်းမရှိခဲ့ပါ။

ဘဏ်အကောင့်မှ ငွေများကို ပြင်ပငွေဖြင့် ရာခိုင်နှုန်းပေး လဲလှယ်ရာတွင် ငွေစက္ကူတစ်သောင်းတန်များ

ကြားညပ်ပါလာသူ ပြည်သူ တစ်ဦး၏ ဖြစ်စဉ်အား ဆက်သွယ်မေးမြန်းခဲ့ရာ "ငွေသွားလွှဲရမယ့်ဆီ သွားလွှဲတော့မှ ငွေရေစက်နဲ့ရေမှ အတုဆိုပြီးတော့ပေါ်တာ၊ တစ်ရွက်ချင်းစီကြည့်ရင် သိသာတယ်၊ တစ်အုပ်ချင်းစီမှာ ၄-၅ ရွက် ညှပ်ထည့်လိုက်တော့ မသိလိုက်တာ၊ ပုံမှန်ပိုက်ဆံထက်ထူတယ်၊ စက္ကူသား၊ A4 လိုမျိုးပေါ့၊ စက္ကူသားတွေကို ပရင့်ထုတ်ထားတော့ နည်းနည်းလေးထူတယ်။ ငွေကြိုးတော့မပါဘူး။" ဟု ၎င်းမှ ပြန်လည်ဖြေကြားခဲ့သည်။

လှိုင်သာယာမြို့နယ်တွင်နေထိုင်သော ကုန်စုံဆိုင်ပိုင်ရှင် တစ်ဦး၏ ပြောဆိုချက်အရ သူမ၏ ဆိုင်တွင် လာရောက်ဝယ်ယူသော ဈေးဝယ်ထံမှ ၅၀၀၀ တန်အတု ရရှိခြင်းဖြစ်ပြီး သာမာန်ထက် ထူနေသော ပိုက်ဆံသားဖြစ်နေခြင်းကြောင့် ပြန်လည်လဲလှယ်ခိုင်းခဲ့ကြောင်း သိရသည်။

ထို့ပြင် လှိုင်သာယာမီးခွက်ဈေးတွင် ရေသန့်ရောင်းနေသူ တစ်ဦးထံမှ တစ်သောင်းတန် အတု ကြုံတွေ့ခဲ့ရပုံကို မေးမြန်းခဲ့ရာ "ကြိုးမပါဘူး၊ မိတ္တူပုံစံမျိုးဖြစ်တယ်။ နှစ်ရွက်ပေးတာ နံပါတ်တွေလည်းတူတူပဲ၊ အသားက အစစ်တွေနဲ့ မတူဘူး ပြောင်ချောချောဖြစ်နေတာ၊ နောက်တစ်ခေါက်မသုံးနဲ့ အန္တရာယ်ရှိနိုင်တယ်လို့ ပြောပြီး ပြန်ပေးလိုက်တယ်။ နှစ်ခေါက် သုံးခေါက်လောက် ကြုံဖူးတယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဗဟိုဘဏ်မှ ရှင်းလင်းချက်

ထို့သို့ မြန်မာငွေစက္ကူအတု ပြန့်နှံ့မှုသတင်းနှင့် ပတ်သက်၍ မတ်လ ၁၆ ရက်နေ့တွင် VOA Burmese News မှ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းသော်နှင့် ဆက်သွယ်မေးမြန်းခဲ့ပြီး ၎င်းမှ ထိုပြန့်နှံ့မှုမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။ ၎င်းမှ ဗဟိုဘဏ်ပုံကိုလည်း အသုံပြုထားပြီး ဗဟိုဘဏ်က ကြေညာတယ်ဆိုတဲ့ သဘောဖြစ်လို့ Website ကနေ page က ကြေညာနေတဲ့သူကို သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာန ကနေ တစ်ဆင့် ကျနော်တို့ ရှာဖွေဖော်ထုတ်အရေးယူမှာဖြစ်ပါတယ်။ဟုဆက်လက် ဖြေကြားခဲ့သည်။

စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များမှ ဖြန့်ဝေမှုများ

ထိုသတင်းဖော်ပြခဲ့သည့်နေ့တွင် တယ်လီဂရမ်တွင် စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ် တစ်ခုဖြစ်သည့် သတင်းစောင့်ဖတ်သူ (Subscribers) တစ်သောင်း နှစ်ထောင်ရှိသည့် မှိုင်းဝေဟူသည့် ချန်နယ်မှ “NUG အကြမ်းဖက်များမှ ငွေစက္ကူအတုများ ထုတ်လုပ်ခြင်းဆောင်ရွက်နေဟု စတင် ရေးသားဖြန့်ဝေထားသည်။

အဆိုပါ ချန်နယ်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှ စတင်ဖန်တီးထားခြင်းဖြစ်ပြီး ထိုချန်နယ်တွင် NLD, CRPH, NUG များကို အပြစ်တင် ရှုတ်ချခြင်း၊ သရော်လှောင်ပြောင်ခြင်းများအပြင်၊ စစ်ကောင်စီ စစ်သားများကို ထောက်ခံသည့် အရေးအသားများ၊ အစွန်းရောက် အမျိုးသားရေး သမားများ၏ လှုပ်ရှားမှုများကို ဖြန့်ဝေနေသည်။

ထိုချန်နယ်မှ “NLD ပါတီမှ တောခိုပြီး ဒုက္ခရောက်နေသည့် PDF များအား ထောက်ပံ့ရန် ငွေကြေးလုံးလောက်မှုမရှိသည့်အပြင် အလှုငွေများကောက်ခံရရှိမှုနည်းပါလာသည့်အတွက် ငွေစက္ကူအတုများထုတ်ပြီး မြန်မာ့ငွေကြေးအားဖျက်ဆီးနေ အဆိုပါ ငွေကြေးအတုထုတ်လုပ်သည့်နေရာဟာ KNLA တပ်မဟာ (၅) ဧရိယာအတွင်းမှာရှိနေပြီး ငွေစက္ကူအတုများ ဆက်တိုက်ထုတ်လုပ်နေကြောင်းဟုရေးသားဖော်ပြထားသည်။

အလားတူဖော်ပြချက်များကို တယ်လီဂရမ်၏ တပ်ကြပ်ကြီးဖိုးစည်“Ba Nyunt”“Linn Nay” “Ko Khant (#kk)” တို့တွင်လည်း ထပ်ဆင့်ဖော်ပြကြသည်။ ဖေ့ဘုတ်တွင်လည်း ကိုမျိုး၊ သစ္စာရှင်၊ ဘုရင့်နောင်၊ မင်းစစ်ခစသည့် အကောင့်များက အစောဆုံးဖြန့်ဝေကြပြီး ပြန်လည်ဖြန့်ဝေသူနှင့် ကူးယူဖော်ပြသူများ အများအပြားရှိခဲ့သည်။

သတင်းတုပြန့်နှံ့မှုနှင့်ပတ်သက်၍ တပ်မဟာ( ၅ )မှ တာဝန်ရှိသူနှင့် ဆက်သွယ်မေးမြန်းချက်

တပ်မဟာ( ၅ )ပြောခွင့်ရရှိသူ ပဒိုမင်းမင်းထံ ထိုသို့ငွေကြေးအတု ထုတ်လုပ်နေခြင်း ရှိ/မရှိ နှင့် တပ်မဟာ ၅ နယ်မြေတွင်း ငွေကြေးသုံးစွဲမှုအကြောင်း မေးမြန်းခဲ့ရာ ထိုသို့ မရှိပါဘူး၊ ပြည်နယ်ထဲမှာ ရှိတဲ့ ပြည်သူလူထုနဲ့ ရောင်းဝယ်ရေးတွေအတွက် ထိုင်းဘတ်ငွေကို အသုံးပြုတာများတယ်။ ကုန်စည်စီးဆင်းမှု၊ ရောင်းဝယ်မှု၊ ရုံးလည်ပတ်မှုကအစ ထိုင်းဘတ်ငွေကို ၇၀ ရာခိုင်နှုန်း ကျော်လောက်အသုံးပြုပါတယ်။ စစ်ကောင်စီဘက်က သူနဲ့တိုက်ခိုက်နေတဲ့ ရန်သူတပ်ကိုတော့ အမျိုးမျိုးစွပ်စွဲချက်တော့ လုပ်မှာပဲ ဒီအပေါ်မှာ အထူးတလည်ပြောစရာ မရှိပါဘူး။ဟု ပြန်လည်ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly