မီဇိုရမ်ပြည်နယ်တွင် မြန်မာ စစ်ဘေးရှောင်များအတွက် Youth for Myanmar ဒုတိယအကြိမ် ရန်ပုံငွေ ဈေးရောင်းပွဲ ကျင်းပ

မီဇိုရမ်ပြည်နယ်တွင် မြန်မာ စစ်ဘေးရှောင်များအတွက် Youth for Myanmar ဒုတိယအကြိမ် ရန်ပုံငွေ ဈေးရောင်းပွဲ ကျင်းပ
Photo : CJ

မတ်လ ၁၈ ရက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့ ဒေါ်ပွီရပ်ကွက်ရှိ Milliennium စင်တာ ကုန်တိုက်ရှေ့ ရင်ပြင်တွင် မြန်မာ စစ်ဘေးရှောင်များ အတွက် ဒုတိယ အကြိမ်မြောက် ရန်ပုံငွေ ဈေးရောင်းပွဲ ယနေ့ မတ်လ ၁၈ ရက်  နံနက် ၉ နာရီတွင် စတင်ခဲ့ကြောင်း Youth for Myanmar တာဝန်ရှိသူက ပြောသည်။

“ဒီနေ့ပွဲမှာ စားအသောက်တွေ ကလည်း အမယ်စုံတဲ့ အတွက် အမိမြေကို လွမ်းနေတဲ့ သူတွေ အတွက်လည်း အလွမ်းဖြေရင်း များများစားပြီး များများ လှူနိုင်တဲ့ အခွင့်ရတယ်၊ နောက်ပြီး ဖျော်ဖြေရေးတင် မကဘဲ မြန်မာပြည် အခြေအနေ လူ့အခွင့်အရေး ချိုးဖောက်မှုများကို တင်ပြနိုင်ခဲ့တဲ့ အများကြီး အကျိုးရှိ ခဲ့ပါတယ်” ဟု Youth for Myanmar ဦးဆောင်သူ မဝါဝါ က မဇ္ဈှိမကို ပြောသည်။

ယနေ့တွင် အဆိုတော် ထွဏ်းခမ်၊ Lang Len Sung ၊ Biak Hlei Par တို့နှင့်အတူ ဝါသနာရှင် လူငယ်များက နာမည်ကြီး သီချင်းများ ၊ တော်လှန်ရေး သီချင်းများနှင့် စိတ်ခွန်အား ဖြစ်စေသော သီချင်းများ ဖျော်ဖြေခဲ့ရာ ဒေသခံများနှင့် အတူ မြန်မာနိုင်ငံသား ၁၀၀၀ ကျော် တက်ရောက်ကြောင်း သိရသည်။

မနက်ဖြန် မတ်လ ၁၉ တွင် ယနေ့ သီဆိုခဲ့သော အဆိုတော်များ အပြင်  Guys from Chin မှ P.Thawng Bawi ၊ David Lai ၊ Benjamin Sum တို့  ပါဝင်မည် ဖြစ်သည်။

ယနေ့ ရောင်းချခဲ့သော အစားအစာများမှာ ရှမ်းခေါက်ဆွဲ ၊ ဝက်သားဒုတ်ထိုး ၊ မာလာရှမ်းကော ၊ ပင်လယ်စာအသုပ် ၊ ကြက်သားဒံပေါက် ၊ ပဲဒံပေါက် ၊ ကြက်ဆီထမင်း ၊ မတူပီရိုးရာထမင်း ၊ ကြက်ကြော် ၊ အကင်စုံ ၊ ဆာဗူးသီး ၊သင်္ဘောသီးထောင်း ၊ ကြာဇံကြော်၊ မုန့်ဟင်းခါး ၊ ကြာဇံဟင်းခါး ၊ ကြက်ပဲရည်သုပ် ၊ ကြက်ဥပေါင်း ၊ လက်ဖက်သုပ် ၊ အကြော်စုံ ၊ ပဲကောက်ညှင်းကြော် ၊ သာကူကျောက်ကျော ၊ ရွှေကြည်ဆနွင်းမကင်း ၊ထိုးမုန့် ၊ မုန့်လက်ကောက်၊ အုန်းပေါင်း ၊ လမုန့် ၊ မုန့်လုံးရေပေါ် ၊ ငပိကြော်၊ ပုဇွန်ကြော်၊ မုန့်ညှင်းချဉ်နှင့် ကုန်ခြောက်မျိုးစုံ တို့ ဖြစ်သည်။

ဖေဖော်ဝါရီလ ၂၂ ရက် နှစ်ခြောက်လုံးနေ့တွင် ပြုလုပ်သည့် ပထမအကြိမ် ရံပုံငွေ ဈေးရောင်းပွဲ ရရှိ ငွေများအား နယ်စပ်ရှိ စစ်ဘေးရှောင်များနှင့် ပြည်တွင်းသို့ ပေးပို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required