စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီဝင် ၆၄၅ ဦးကို ဖမ်းဆီးထားဟု အနောက်ရွှေဂုံတိုင်ရှင်းတမ်း ထုတ်ပြန်

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီဝင် ၆၄၅ ဦးကို ဖမ်းဆီးထားဟု အနောက်ရွှေဂုံတိုင်ရှင်းတမ်း ထုတ်ပြန်

မတ်  ၁၈

စစ်ကောင်စီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် ၆၄၅ ဦးကို လက်ရှိအချိန်အထိ မတရားဖမ်းဆီးချုပ်နှောင်ထားရှိကြောင်း ယနေ့ မတ်၁၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ယင်းသို့ မတရားဖမ်းဆီးထိန်းသိမ်းခံရသူများထဲတွင် လွှတ်တော်ကိုယ်စားလှယ် ၁၀၇ ဦးပါဝင်ပြီး၊ ယင်းအနက် ပြန်လည်လွတ်မြောက်လာသူ ၁၄ ဦးရှိကာ ကျန်လွှတ်တော်ကိုယ်စားလှယ် ၉၂ ဦးမှာ ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သည်။

အဆိုပါ စာရင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ လူ့အခွင့်အရေးချိုးဖောက်မှုများမှတ်တမ်းကောက်ယူရေးအဖွဲ့က ပြုစုထားသော စာရင်းများအရဖြစ်သည်။

ဖမ်းဆီးထိန်းသိမ်း ခံထားရစဉ်အတွင်း စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုနှင့် အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်သဖြင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအပါအဝင် ပါတီဝင်စုစုပေါင်း ၁၆ ဦး သေဆုံးခဲ့သည်ဟု ယင်းထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်မြို့ရှိ ပါတီဗဟိုဌာနချုပ်ရုံးအပါအဝင် တိုင်းနှင့်ပြည်နယ်များရှိ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေး ပါတီရုံးများကို စုစုပေါင်း ၉၈ ကြိမ် ကျူးကျော်ဝင်ရောက် အကြမ်းဖက်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးမှုများရှိခဲ့သည်ဟုဆိုသည်။

ထိုသို့ ကျူးကျော်ဖျက်ဆီးခံရသည့် အချိန် များသည် စစ်ကောင်စီက ပုဒ်မ (၁၄၄) ထုတ်ပြန်ထားချိန်များတွင် အများဆုံးဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အလားတူ ရာဇသတ်ကြီးပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးခံထားရသော အမျိုးသား

ဒီမိုကရေစီအဖွဲ့ချုပ်၏ အဆင့်ဆင့်သော အမှုဆောင်များ၊ ပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏နေအိမ်နှင့် အဆောက်အဦများအား ဥပဒေမဲ့အကြမ်းဖက်ဝင်ရောက်၍ ပစ္စည်းများသယ်ယူသွားခြင်း၊ ဖျက်ဆီးခြင်းများ ကျူးလွန်ခဲ့သည့်အပြင် သက်ဆိုင်ရာ တရားရုံးများက အပြီးသတ်ဆုံးဖြတ်ချက်များ မချနိုင်သေးသည့် အချိန်တွင် နေအိမ်နှင့် အခြားပိုင်ဆိုင်မှုများကို မတရားချိပ်ပိတ် သိမ်းဆည်းထားသည် ဟုဆိုသည်။

ထိုအထဲတွင် NLD ပါတီလွှတ်တော်ကိုယ်စားလှယ် ၉၃ ဦးအပါအဝင် စုစုပေါင်းပါတီဝင် ၁၅၅ ဦး၏ နေအိမ်များနှင့် အခြားပိုင်ဆိုင်မှုများ ချိပ်ပိတ်ခံခဲ့ရသည်ဟု ဆိုသည်။

စစ်အာဏာသိမ်းယူပြီးချိန်မှစ၍ ယနေ့ အချိန်အထိ စစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတစ်ဝှမ်း သေဆုံးသူ စုစုပေါင်း ၂၁၂၃ ဦး ရှိပြီး၊ ယင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ မှတ်တမ်းကောက်ယူရေးအဖွဲ့က ကောက်ယူရရှိထားသောစာရင်းများသာဖြစ်ပြီး ပကတိမြေပြင်တွင် ယခုထက်ပိုမို များပြားနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ စတင်၍ ၂၀၂၂ခုနှစ် မတ်လ ၁၄ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းလုံး၌ မတရားဖမ်းဆီးခံရသူ ၁၃၀၀၀ ခန့် ရှိကြောင်း သိရသည်။

#Mizzima

#အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

#အတိုင်ပင်ခံပုဂ္ဂိုလ်

#အနောက်ရွှေဂုံတိုင်ရှင်းတမ်း

#ဖမ်းဆီးထိန်းသိမ်းခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required