ယူကရိန်းတွင် စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းကို အမေရိကန်ပညာရှင်များ သက်သေစုနေဟု နိုင်ငံခြားရေးဝန်ကြီး ပြော

ယူကရိန်းတွင် စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းကို အမေရိကန်ပညာရှင်များ သက်သေစုနေဟု နိုင်ငံခြားရေးဝန်ကြီး ပြော
Photo - AFP

မတ် ၁၈

ယူကရိန်းတွင် စစ်ရာဇဝတ်မှု ကျူးလွန်နေသည်ဆိုခြင်းကို သမ္မတ ဂျိုး ဘိုင်ဒင်နှင့် တစ်သဘောတည်းရှိပြီး အမေရိကန်ပညာရှင်များက ယင်းကို သက်သေပြနိုင်ရန် အချက်အလက် စုဆောင်းနေသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်က ကြာသပတေးနေ့တွင် ပြောသည်။

ရုရှသမ္မတ ဗလာဒီမာ ပူတင်သည် “စစ်ရာဇဝတ်သား” ဖြစ်သည်ဟု အစောပိုင်းရက်၌ ဂျိုး ဘိုင်ဒင်က သတင်းထောက်များအား ပြောခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ယင်း ပြောဆိုချက်သည် ရုရှ၏ ယူကရိန်းအား ဖေဖော်ဝါရီ ၂၄ ရက် ကျူးကျော်ချိန်မှစကာ နိုင်ငံတကာ ဥပဒေအား ဖြစ်နိုင်သည့် ချိုးဖောက်မှု ရှိခြင်းအပေါ် တရားဝင် ကြေညာခြင်း မဟုတ်ကြောင်း အိမ်ဖြူတော်က နောက်ပိုင်းတွင် ပြောလာခဲ့သည်။

“ကိုယ့်သဘောအရဆိုရင်တော့ ကျွန်တော် သမ္မတနဲ့ သဘော အတူတူပဲ ဖြစ်တယ်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲ၌ ဘလင့်ကင်က ပြောသည်။

“အရပ်သားတွေကို ရည်ရွယ်ချက် ရှိရှိ ပစ်မှတ်ထားတာဟာ စစ်ရာဇဝတ်မှုပါပဲ” ဘလင့်ကင်က ပြောပြီး ကုန်လွန်ခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း ပျက်စီးဆုံးရှုံးမှုများ ပြီးနောက် “ရုရှ၏ ကျူးလွန်မှုကို ကောက်ချက်ချနိုင်ရန်” ခက်ခဲမှုရှိသည်ကို တွေ့ရှိရသည်ဟု ဖြည့်စွက်ဆိုသည်။

ဂျိူးဘိုင်ဒင်၏ မှတ်ချက်ပြုစကားသည် “လက်သင့်ခံစရာ မရှိဘဲ ခွင့်မလွှတ်နိုင်သည့် ပြောဆိုမှု”အဖြစ် ရုရှက ပြောဆိုထားသည်။ ရုရှသည် ယူကရိန်း၌ လက်နက်ဖျက်သိမ်းရန်နှင့် နာဇီဝါဒ အမြစ်ဖြတ်ရန်သာ “အထူး စစ်ရေး စစ်ဆင်ရေး”ကို ဆင်နွှဲနေခြင်းဖြစ်သည်ဟု ပြောထားပြီး အရပ်သားများအား ပစ်မှတ်ထားသည်ဆိုသည့် ပြောဆိုချက်များကို ငြင်းဆန်သည်။

ဆေးရုံများ၊ စာသင်ကျောင်းများနှင့် အရပ်သားများ ခိုလှုံရာ ပြဇာတ်ရုံတစ်ရုံတို့ကို ရုရှက ဗုံးကြဲခဲ့သည့် မကြာသေးခင်က ဖြစ်ရပ်များကို ပြန်ပြောင်းပြောဆိုရင်း “ယူကရိန်းနိုင်ငံအနှံ့က တည်နေရာများတွင် စစ်တပ်ကို မဟုတ်ဘဲ အရပ်သားများကို တိုက်ခိုက်နေသည့် စာရင်း” ရှိထားကြောင်း ဘလင့်ကင်က ဆိုသည်။  

ယူကရိန်းတွင် ဖြစ်တန်ခြေရှိသော စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများကို မှတ်တမ်းတင်ရန်နှင့် တွက်ချက်သက်သေစုရန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အားထုတ်မှုများကို အမေရိကန်ဆီးနိတ်က ကြာသပတေးနေ့တွင် အတည်ပြုခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှု တရားမျှတရေး သံတမန်သစ် Beth Van Schaack က ဦးဆောင်သွားမည်ဟုလည်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ရဲ့ တွေ့ရှိချက်တွေက စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးနဲ့ ကျူးလွန်သူတွေကို တာဝန်ခံစေရေး နိုင်ငံတကာရဲ့ အားထုတ်မှုတွေကို အထောက်အပံ့ဖြစ်ရအောင် ကျွန်တော်တို့ ကျိန်းသေဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required