ထားဝယ်ခရိုင် မောင်းမကန်ကမ်းခြေမှာ စစ်ကောင်စီတပ်ဖွဲ့က လူများကို ဖမ်းဆီးငွေညှစ်နေ

ထားဝယ်ခရိုင် မောင်းမကန်ကမ်းခြေမှာ စစ်ကောင်စီတပ်ဖွဲ့က လူများကို ဖမ်းဆီးငွေညှစ်နေ

မတ် ၁၈

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် မောင်းမကန်ကမ်းခြေက ရေလုပ်သားတွေ၊ခရီးသွားပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးပြီး ငွေတောင်းတာတွေ လုပ်နေကြပါတယ်။

ဒီမောင်းမကန် ကမ်းခြေမှာ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက် ညပိုင်းက ကမ်းခြေမှာရှိတဲ့ ရေလုပ်သား လူငယ်လေး တစ်ယောက်ကို မူးယစ် ဆေးဝါးတွေရောင်းဝယ် နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားပါတယ်။ ဒီလိုဖမ်းသွားပြီးတော့ ငွေနဲ့ပြန်ရွေးခိုင်းတာပါ။

စစ်သားတွေက အင်တောပြင်က လှေဆိပ်ကို လာပြီး အဲ့ဒီ ရေလုပ်သားလူငယ်လေး လက်ထဲကို ဆေးထုတ်ပေးတယ်။ လူငယ်က ငြင်းတော့ သေနတ်နဲ့ ထောက်ပြီး ခြိမ်းခြောက်တယ်။ သူတို့ပေးတဲ့ဆေးထုတ်ကို လူငယ်က ကိုင်လိုက်တော့ ဓာတ်ပုံရိုက်ပြီး ဖမ်းသွားတာပါ။

ဒါတင်မကသေးပါဘူး ။ ရေလုပ်သားတွေ၊ ဒေသခံတွေ နဲ့ ခရီးသွားတွေကို မထင်ရင် မထင်သလို ဖမ်းဆီးတာတွေလုပ်ပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့က ဒီလိုအကြောင်းမဲ့ လိုက်လံ ဖမ်းဆီးပြီးငွေတောင်းနေတာတွေက ကြာပါပြီ။ ပြောပြစရာ တိုင်တန်းရမယ့် နေရာလည်း မရှိတော့ ဒီစစ်ကောင်စီတပ်ဖွဲ့တွေက ထင်တိုင်း လုပ်နေကြတာပါ။

မောင်းမကန် နယ်မြေ ရဲစခန်းမှာ အဖမ်းခံရတဲ့သူတစ်ဦး ငွေကျပ် ၅၀၀,၀၀၀ နဲ့ ပြန်ရွေးခိုင်းပါတယ်။ လာမရွေးနိုင်တဲ့သူတွေဆို မူးယစ်ဆေးဝါး အမှုနဲ့ အမှုဖွင့် အရေးယူတာကိုလည်း ခံရပါတယ်။ ဒီလိုတရားလက်လွတ် ဥပဒေမဲ့ပြုလုပ်နေတဲ့ လုပ်ရပ်တွေကို အများပြည်သူ သိရှိပြီး သတိထားသွားလာနိုင်ကြစေဖို့ မဇ္ဈိမရဲ့ အယ်ဒီတာထံပေးစာက တစ်ဆင့်ရေးသားပေးပို့ လိုက်ရပါတယ်။

မောင်းမကန်ကမ်းခြေနေ ဒေသခံတစ်ဦး

#Mizzima

#တနင်္သာရီတိုင်း

#ထားဝယ်မြို့

#လောင်းလုံးမြို့

#မောင်းမကန်ကမ်းခြေ

#ဖမ်းဆီးငွေတောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly