ရန်ကုန်၊ ဇန်နဝါရီ ၂၂ ။ ။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပုံကို ခြေဖြင့်ချနင်းနေသည့် ပုံကို လူမှုကွန်ယက်တွင်ဝေမျှခဲ့သည်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခံခဲ့ရသည့် ပက်ထရစ်ခွန်ဂျာလီကို လှိုင်မြို့နယ်တရားရုံးက ဇန်နဝါရီ ၂၂ရက်၊ ရုံးချိန်းတွင်အလုပ်ကြမ်း နှင့် ထောင်ဒဏ် ၆လ ပြစ်ဒဏ်ကို ချမှတ်လိုက်သည်။
"အခုအမှုမှာ တစ်ကယ်တမ်းတော့ တရားသူကြီးအတွက်ကအရမ်းခက်ခဲပါတယ်။ တရားဥပဒေအရတော့ တရားသူကြီးနဲ့ သက်ဆိုင်တဲ့လူတွေကအကောင်းဆုံးလုပ်ပေးခဲ့တယ်။ ဒါပေမယ့်နည်းဥပဒေမရှိတဲ့အတက် ဗိန္နောဆရာကို အီးစီဂျီဖတ်ခိုင်းသလိုဖြစ်နေတယ်။ နောက်အဲဒီလိုတစ်ခြားသူတွေမဖြစ်ပဲ လွတ်ငြိမ်းချမ်းသာ ကြပါစေ" ဟု ပက်ထရစ်ခွန်ဂျာလီက အမိန့်ချခံရအပြီးတွင် မီဒီယာများသို့ပြောကြားခဲ့သည်။
အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေကို ၂၀၀၄ခုနှစ်တွင် တပ်မတော်အစိုးရကပြဋ္ဌာန်းခဲ့ပြီး အင်တာနက် အသုံးပြုမှုများကို ကန့်သတ်ပိတ်ပင်ခဲ့သည်။ ယင်းဥပဒေပါ အခန်းအချို့မှ ပြစ်ဒဏ်များကို ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလတွင် ပြည်ထောင်စုလွှတ်တော်ကပြင်ဆင်ခဲ့သော်လည်း ယနေ့အထိ နည်းဥပဒေကိုပြန်လည် ရေးစွဲထုတ်ပြန် နိုင်ခြင်းမရှိသေးပေ။
ပြစ်ဒဏ်ကျခံရသူ ပက်ထရစ်ခွန်ဂျာလီ၏ အမျိုးသမီး ဒေါ်မေစံပယ်ဖြူက "ခြောက်လမဖြစ်မနေချမယ်ဆိုတာ သိထားပြီးသားပါ။ အမျိုးသားကိုလည်း အဲဒီလိုရှိနိုင်တယ်ဆိုတာကို ပြောပြီးသားပါ။ ဒါပေမယ့်တရားရင်ဆိုင် လာတဲ့နေရာမှာတော့ တရားလိုပြသက်သေတွေ၊ တစ်ခြားစစ်ဆေးမှု တွေအရ အသရေဖျက်မှုနဲ့ စွဲရလောက် အောင်ခိုင်လုံထင်ရှားတဲ့သက်သေတွေမရှိပါဘူး။" ဟု ဆိုသည်။
စွပ်စွဲခံရသူ ဦးခွန်ဂျာလီကို အောက်တိုဘာ ၁၄ရက် ည ပိုင်းက လှိုင်မြို့နယ် (၁၀) ရပ်ကွက်ရှိ ၎င်းနေအိမ်သို့ ရဲတပ်ဖွဲ့ ဝင်များလာရောက်ခေါ်ဆောင်ကာ ထိန်းသိမ်းခဲ့ပြီး အောက်တိုဘာ ၁၅ရက်တွင် ရမန်ယူကာ အင်းစိန် ထောင်၌ထိန်းထိမ်းခဲ့သည်။
ယင်းသို့ထိန်းသိမ်းပြီးနောက် ပက်ထရစ်ခွန်ဂျာလီကို အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၆၆(ဃ) နှင့် တရားစွဲရန် အောက်တိုဘာ ၂၈ရက်တွင်ဆုံးဖြတ်ကာ လှိုင်မြို့နယ်တရားရုံးက စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ပက်ထရစ်ခွန်ဂျာလီနည်းတူ အောက်တိုဘာလအစောပိုင်းကပင် မချောစန္ဒီထွန်းကိုလည်း ကာချုပ်ကို လှောင်ပြောင်သည်ဟုဆိုကာ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့်ပင် မအူပင်တရားရုံးကထောင်ဒဏ် ၆လချမှတ်ခဲ့ သေးသည်။