ရခိုင်ပြည်နယ်က စစ်ဘေးရှောင်များ ကုန်စျေးနှုန်းမြင့် တက်နေခြင်းကြောင့် စားဝတ်နေရေး အခက်ကြုံနေရ

ရခိုင်ပြည်နယ်က စစ်ဘေးရှောင်များ ကုန်စျေးနှုန်းမြင့် တက်နေခြင်းကြောင့် စားဝတ်နေရေး အခက်ကြုံနေရ

စစ်တွေ၊ မတ်လ၊ ၁၆

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများက စစ်ရှောင်များအတွက် ကုန်စျေးနှုန်းမြင့်တက်လာနေခြင်းကြောင်း စားဝတ်နေရေး ပိုမိုခက်ခဲလာကြောင်း စစ်ဘေးရှောင်များက ပြောဆိုကြသည်။

“အခုက ကုန်စျေးနှုန်းတွေက တအားမြင့်တက်လာတော့ အသားငါးစားဖို့မပြောနဲ့၊ ဆီရော၊ဆားရော ကျမတို့ အစုံစားဖို့အတွက် ပိုပြီးခက်ခဲပါတယ်။ ထမင်းနပ်မှန်ဖို့ အတွက် ရုန်းကန်နေရတယ်”ဟု ၎င်း စစ်တွေမြို့နယ်က စစ်ရှောင် အမျိုးသမီးက ပြောသည်။

စစ်ဘေးရှောင်အများစုသည် မိုးတွင်းပိုင်းကာလများ၌ လယ်ယာစိုက်ခင်းများတွင် အလုပ်အကိုင်ရရှိကြကြောင်း၊ ဆောင်းရာသီတွင် တောင်တက်ရာသီအချိန်၌ တောင်ယာလုပ်ငန်း လုပ်ကိုင်ကြသည်။ ယခုနွေရာသီအချိန်တွင် အလုပ်အကိုင် ရှားပါးသည့်အခြေအနေကို ကြုံတွေ့နေရခြင်းဖြစ်သည်ဟု ကျောက်တော် နောက်ထပ် စစ်ဘေးရှောင် တစ်ဦးက မဇ္ဈိမကိုပြောပြသည်။

ဖေဖော်ဝါရီလတွင် ဆန်တစ်အိတ် ၄၅၀၀၀ ကျပ်မှ မတ်လတွင် ၅၇၀၀၀ ကျပ်၊ ဆားတစ်ပိသာ ၅၀၀ ကျပ်မှ ၇၀၀ ကျပ်၊ ကြက်သွန်တပိဿာ ၁၃၀၀ ကျပ်မှ ၂၀၀၀ ကျပ်၊ ဆီတစ်လီတာ ၂၃၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ စျေးနှုန်းမြင့်တက်လာသည့် အခြေအနေများနှင့် ကြုံတွေ့နေရသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူက ပြောပြသည်။

စစ်ဘေးရှောင်စခန်းတချို့၌လည်း ကျောက်ရောဂါ ဖြစ်ပွါးလာနေသည်ကိုလည်း ကြုံတွေ့နေရသည်ဟုစစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦး ပြောသည်။

စစ်တွေမြို့နယ်က အုန်းရည်ဖော်စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးကလည်း “ ကျနော်တို့ စစ်ဘေးရှောင်တွေက စားဝတ်နေရေးအမြဲခက်ခဲနေကြတာပါ၊ အခုက ကုန်စျေးနှုန်းကြောင့် သာမန်လူတွေတောင် ခက်ခဲနေကြတာ ကျနော်တို့အတွက်က စားရေးသောက်ရေးကအစ အစစအရာရာ တစ်ခုမှ အဆင်မပြေပါဘူး”ဟုပြောသည်။

လက်ရှိတွင် နွေရာသီကာလဖြစ်သည့်အတွက်ရေရှားပါးမှုနှင့်ပါ ကြုံတွေနေ့ရကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ရေဖြူကန်စစ်ဘေးရှောင် စခန်းတာဝန်ခံတစ်ဦးကပြောသည်။

“စခန်းမှာက အရင်သောက်နေကျရေကန်ကလည်း ရေခမ်းသွားတယ်၊ တခြားနေရာကို သွားပြီး သယ်နေရပါတယ်။ ရိက္ခာထောက်ပံ့ပေးနေတဲ့အဖွဲ့ကလည်း မရောက်တာ တစ် လပိုင်းကတည်းကပါ၊ ကျနော်တို့ အကုန်ခက်ခဲနေကြပါတယ်”ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ စစ်ဘေးရှောင်တစ်ဦးကို တစ်နေ့လျှင် ဆန် ၂ ဗူးနှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီစဉ် (WFP) က လူတစ်ဦးကို တစ်လလျှင် ငွေကျပ် ၁၇၀၀၀ကျပ်ထောက်ပံ့ပေးနေခြင်းဖြစ်သည်။

စစ်ကောင်စီက ထောက်ပံ့ပေးခြင်းမှာလည်း လက်ရှိကုန်စျေးနှုန်းမြင့်တက်လာခြင်းနှင့် မျှတမှုမရှိသည့်အတွက် စားဝတ်နေရေး ပိုမိုခက်ခဲလာကြောင်း မြောက်ဦးမြို့နယ် စင်ဘောကိုင်စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးကပြော သည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် လက်ရှိအချိန်ထိ စစ်ဘေးရှောင်စခန်းစုစုပေါင်း ၁၇၀ခန့်နှင့် စစ်ဘေးရှောင်ဦးရေ ၇၀၀၀၀ ခန့်ကျန်ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၈ရက်နေ့ ရခိုင်ပြည်နယ် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် ကျောက်တော်မြို့များနှင့် ရသေ့တောင်မြို့နယ်များမှ စစ်ဘေးရှောင်စခန်းများကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက သတင်းထောက်များကို ပြောဆိုခဲ့သည်။

#Mizzima

#ရခိုင်ပြည်နယ်

#စစ်ဘေးရှောင်

#စားဝတ်နေရေး

#ကုန်စျေးနှုန်း

#WFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required