တိဗက်အုံကြွမှုနေ့အထိမ်းအမှတ်အဖြစ် ပဲရစ်မြို့တော်ခန်းမများတွင် တိဗက်အလံ လွှင့်ထူ

တိဗက်အုံကြွမှုနေ့အထိမ်းအမှတ်အဖြစ် ပဲရစ်မြို့တော်ခန်းမများတွင် တိဗက်အလံ လွှင့်ထူ

တိဗက်လူထုအုံကြွမှု ၆၃ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ပဲရစ်မြို့ ခရိုင်အသီးသီးရှိ မြို့တော်ခန်းမများတွင် တိဗက်လူမျိုးများနှင့် တိဗက်ထောက်ခံသူ ပြင်သစ်များသည် မတ်လ ၁၀ ရက် (ဒေသစံတော်ချိန်) က တိဗက်အလံကို လွှင့်ထူခဲ့ကြသည်။

ဆန္ဒပြသူများသည် တိဗက်ကိုဖိနှိပ်သော တရုတ်အား ဆန့်ကျင်သည့် ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြကာ အဆိုပါပြဿနာကို ကုလသမဂ္ဂမှ ကြားဝင်ဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြသည်။

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဘီးဂဲလ်စ်မြို့သည် တိဗက်အရေးကို နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ကာ တိဗက်လူမျိုးများကို ရပ်တည်ထောက်ခံခဲ့သည်။ တရုတ်ကိုဆန့်ကျင်သော တိဗက်အမျိုးသားရေး အုံကြွမှု အထိမ်းအမှတ်အဖြစ် မတ်လ ၇ ရက်မှ ၁၁ ရက်နေ့အထိ မြို့တော်ခန်းမ၏ အလံတိုင်တွင် တိဗက်နိုင်ငံတော် အလံကို လွှင့်တင်ခဲ့သည်။

ထိုနေ့ အထိမ်းအမှတ်အဖြစ် တိဗက်လူမျိုး ၆၀၀ ခန့်နှင့် ပြင်သစ်များသည် ပဲရစ်မြို့တွင်လည်း ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့သည်။အဆိုပါဆန္ဒပြပွဲကို ပြင်သစ်ရှိ လွတ်လပ်သောတိဗက်ကျောင်းသားများအဖွဲ့ (SFT)၊ တိဗက်လူငယ်ကွန်ဂရက် (ပြင်သစ်) ၊ U-Tsang Association၊ Domey Association နှင့် Chushi-Gangdruk အသင်းတို့၏ ပံ့ပိုးမှုဖြင့် တိဗက်အသိုက်အဝန်းမှ စီစဉ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တိဗက်လူမျိုးများနှင့် တစ်သားတည်းဖြစ်ကြောင်း ဖော်ပြရန် ပြင်သစ်ဆီးနိတ်ရှိ တိဗက်အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ အထက်လွှတ်တော်အမတ် အန်ဒရေးဂိုတာလင်နှင့် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ဥက္ကဋ္ဌ စီလင်းကောဒရီယိုတို့လည်း အခမ်းအနားတွင် ပါဝင်ခဲ့ကြသည်။ ဆန္ဒပြသူများသည် ထရိုကာ ဒီရိုနန်းတော်မှပဲရစ်ရှိ တရုတ်သံရုံးသို့ ချီတက်ဆန္ဒပြခဲ့ကြသည်။

အလားတူ ဆန္ဒပြပွဲများကို အခြားပြင်သစ်မြို့များဖြစ်သော ဗစ်၊ စထရက်စ်ဘာ့နှင့် အေမီယန်နှင့် တူလိုဆာမြို့တို့တွင်လည်း ကျင်းပခဲ့ကြကာ တိဗက်အသိုင်းအဝိုင်းမှ လူ ၅၀-၆၀ ခန့် ပါဝင်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly