ရန်ကုန်၊ဇန်နဝါရီ ၂၂ ။ ။ City Mart နှင့်City express စသည့်လက်လီအရောင်းဆိုင်များ ဖွင့်လှစ်ထားသော City Mart Holdings Limited အနေဖြင့်လက်ရှိတွင် အရောင်းဆိုင်ခွဲပေါင်း ၁၅၀ ကျော်ကို ဝန်ထမ်း ပေါင်း ၇၀၀၀ ကျော်နှင့် လည်ပတ်နေခြင်းဖြစ်ပြီး နောက်လာမည့် ၃နှစ်အတွင်း အရောင်းဆိုင်များ တိုးချဲ့ကာ ဝန်ထမ်းပေါင်း ၄၀၀၀ ကျော်ကိုခန့်ထားရန်ရှိနေကြောင်း ဒေါ်ဝင်းဝင်းတင့် ကပြောသည်။
ပြည်တွင်းတွင် ကုန်ပစ္စည်းတင်သွင်းသူပေါင်း ၃၀၀၀ ကျော်နှင့် ချိတ်ဆက်လုပ်ကိုင်နေတာဖြစ်ပြီးယခုကဲ့သို့ အရောင်းဆိုင်တွေတိုးချဲ့မည့် အစီအစဉ်မှ လက်လီဈေးကွက်ကွန်ရက်ထဲမှာ ပါဝင်သူအားလုံးကို ပိုပြီးအကျိုးရှိစေမှာဖြစ်ကြောင်း ၎င်းကဆိုသည်။
"ဒီလုပ်ငန်းသုံးထောင်ကျော်ကနေပြီးတော့ ကျွန်မတို့ လုပ်ငန်းချဲ့ထွင်လာတဲ့အခါမှာ ဒီလုပ်ငန်းသုံးထောင်ကျော်ရဲ့ လုပ်ငန်းကလည်း အလိုအလျောက်ကြီး ထွားလာမှာဖြစ်ပါတယ်။ ဒီသုံးထောင်ကျော်ကနေထပ်ပြီး ဆင့်ကဲပေးနိုင်မယ့် အလုပ်အကိုင်အခွင့်အလမ်း ကလည်း အများကြီးဖြစ်နိုင် မယ်လို့ ကျွန်မတို့ မျှော်လင့်ထားပါတယ်"ဟု၎င်းကဆိုသည်။
အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း(IFC )က ဆိုင်ခွဲများဖွင့်လှစ်ရန်အတွက် အမေရိကန်ဒေါ်လာ ၂၅ သန်းငွေချေးပေးရန် ဇန်နဝါရီလအတွင်းက သဘောတူလိုက်ကြောင်း၊ စီးတီးမတ်တည်ထောင်သူ ဒေါ်ဝင်းဝင်းတင့်၏ စီးပွားရေးအမြင်နှင့်ဈေးကွက် ဝန်းကျင်အခြေအနေကို ကောင်းကောင်းနားလည်သူဖြစ်သည့်အတွက်ကြောင့် IFC အနေဖြင့် ငွေကြေးထောက်ပံ့ ပေးခြင်းဖြစ်ကြောင်း IFC ၏ မြန်မာပြည်ဌာနေ ကိုယ်စားလှယ်ဖြစ်သူVikram Kumar ပြောသည်။
"စီးတီးမတ်ကနေလက်လီဈေးကွက်ကွန်ရက်ထဲကကုန်ပစ္စည်းဖြန့်ချိသူလုပ်ငန်းရှင် တွေကြီးထွားဖို့ကိုအားပေးကူညီသွားနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်"ဟု IFC ၏ မြန်မာပြည်ဌာနေ ကိုယ်စားလှယ်ဖြစ်သူ Vikram Kumar ပြောသည်။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၏ လက်လီအရောင်းဈေးကွက်က နိုင်ငံခြားထုတ်ကုန်ပစ္စည်းများကိုမှီခိုနေရတာဖြစ်ပြီး ပြည်တွင်းထုတ်ကုန်ကို ရောင်းချရခြင်း နည်းပါးနေကြောင်း ၊ မြန်မာနိုင်ငံ၏ လက်လီရောင်းချမှု လုပ်ငန်းဈေးကွက်တန်ဘိုးသည် အမေရိကန် ဒေါ်လာ ၁၂၀ ဘီလီယံအထိရှိနေပြီး အများစုကမိရိုးဖလာဆိုင်လုပ်ငန်းများဖြစ်ကာ ခေတ်မီလက်လီဆိုင်လုပ်ငန်းက ဈေးကွက်၏ ၁၀ ရာခိုင်နှုန်းအောက်တွင်သာရှိနေကြောင်း ဈေးကွက်စစ်တမ်းများ အရသိရသည်။