လှိုင်မြို့နယ် မင်းဓမ္မပညာ့ရိပ်သာ အဆောင်အနီး ပေါက်ကွဲမှုဖြစ်

လှိုင်မြို့နယ် မင်းဓမ္မပညာ့ရိပ်သာ အဆောင်အနီး ပေါက်ကွဲမှုဖြစ်

မတ်လ ၁၆ ရက်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် (၁၂) ရပ်ကွက်၊ ပါရမီလမ်းနှင့် မင်းဓမ္မ လမ်းထောင့်ရှိ မင်းဓမ္မ ပညာ့ရိပ်သာ၊ ပညာရေးဝန်ကြီးဌာန အဆောင်အနီးတွင် မတ်လ ၁၆ ရက် မနက် ၅ နာရီ ၁၀ မိနစ်ခန့်က ဖောက်ခွဲခဲ့ကြောင်း GenerationZ Defence Force&Supply Army အဖွဲ့က ပြောသည်။

အဆိုပါ အဆောင်တွင် Non CDM ဆရာ၊ ဆရာမများ နေထိုင်ပြီး စစ်ကောင်စီကို အားပေး ထောက်ခံ သဖြင့် ဖောက်ခွဲ သတိပေးခြင်း ဖြစ်ကြောင်း ဆိုသည်။

"အသံဗုံး တစ်လုံးရယ်၊ C4 (ဖောက်ခွဲရေး) ရယ်၊ နှစ်လုံးခွဲပြီး သတိပေး လိုက်တာပါ၊ ကွဲပြီး ပြီးချင်းမှာ အဲ့နားက ကင်းတဲက သုံးယောက်လောက်တော့ ထွက်လာတယ်၊ သေနတ် ဖောက်တာမျိုးတော့ မရှိဘူး" ဟု ယင်းအဖွဲ့ တာဝန်ရှိသူက ပြောသည်။

အဆိုပါ အဆောင်အနီး ဖောက်ခွဲရာတွင် လူထိခိုက်မှု မရှိခဲ့ကြောင်း ဆိုသည်။

"အရာရှိတွေ နေတာများတယ် အဲ့မှာက၊ အရာရှိတွေ နေတဲ့ နေရာကို လုပ်နိုင်တာ သူတို့ကို နားရွက် တံတွေးစွပ်သလို ဖြစ်တာပေါ့" ဟု ယင်းအဆောင် အနီးနေ ပြည်သူက မှတ်ချက်ပြုသည်။

ယင်းလုပ်ဆောင်မှုကို Human Right Defender (HRD) နှင့် GenerationZ Defence Force&Supply Army အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း မင်္ဂလာဒုံမြို့နယ်၊ ခရေပင် လမ်းပေါ်ရှိ ကြံ့ခိုင်ရေးပါတီရုံးနှင့် ပြန်ကြားရေးရုံးတို့အား  ပြောက်ကျားတပ်ဖွဲ့က အဝေးထိန်း မိုင်းဖြင့်ဖောက်ခွဲ တိုက်ခိုက်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required