ဇန်နဝါရီလ ၂၂ ရက် ။ ။ ရန်ကုန်တိုင်း အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ရန်ကုန်မြို့ အမှတ် (၂) ခုတင် ၅၀၀ တပ်မတော်ဆေးရုံသို့ ကျပ်သိန်းပေါင်း ၁၂၅၀ ကျော် တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းခြင်းအခမ်းအနားကို ဇန်နဝါရီလ ၂၁ ရက်နေ့က ယင်းဆေးရုံ ကင်ဆာကုသဆောင်၌ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ဇနီးဖြစ်သူ ရန်ကုန်တိုင်း အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ နာယက ဒေါ်ခင်သက်ဌေးတို့ တက်ရောက်ကြသည်။
ဒေါ်ခင်သက်ဌေးက လှူဒါန်းပစ္စည်းများဖြစ်သည့် သိန်း ၉၁၀ တန်ဖိုးရှိ ကင်ဆာဆဲလ်များ ချေဖျက်ကုသစက်နှင့် ၃၄၂ သိန်းကျော် တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများ၊ လေအေးပေးစက်နှင့် အမှိုက်ပုံးများကို အမှတ် (၂) တပ်မတော်ဆေးရုံမှ တပ်မှူး ဗိုလ်မှူးချုပ် စိန်လင်းထံသို့ လွှဲပြောင်းပေးအပ်ခြင်းဖြစ်သည်။
ရန်ကုန်တိုင်း အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ အခြားနာယကများကလည်း အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသေးသည်။
ရန်ကုန်မြို့ အမှတ် (၂) ခုတင် ၅၀၀ တပ်မတော်ဆေးရုံ ကင်ဆာကုသဆောင် တတိယထပ်၌ ပြသထားသော ယင်းပစ္စည်း များကို တပ်မှူးဗိုလ်မှူးချုပ် စိန်လင်းထံသို့ လွှဲပြောင်းမှုမပြုမီ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် အဖွဲ့က ကြည့်ရှုခဲ့သည်။
Ref: MAL