ဇီကာရောဂါပိုးကြောင့် အာရှတွင် စိုးရိမ်မှု မြင့်တက်

ဇီကာရောဂါပိုးကြောင့် အာရှတွင် စိုးရိမ်မှု မြင့်တက်

တိုင်ပေ၊ ဇန်နဝါရီ ၂၂ ။            ။ ထိုင်းအမျိုးသားတစ်ဦး ထိုင်ဝမ်တွင် ဆေးရုံတက်ရရာ ခြင်ကပေါက်ဖွားသည့် ရောဂါတစ်မျိုးဖြစ်သည့် ဇီကာရောဂါဖြစ်ပွားခြင်းဖြစ်ကြောင်း တွေ့ရှိပြီးနောက် ထိုင်းနှင့် မော်လဒိုက်နိုင်ငံ အပါအဝင် အာရှငါးနိုင်ငံသို့ ခရီးသွားလာခြင်းနှင့် ပတ်သက်ပြီး ထိုင်ဝမ်က သတိပေးချက်များ ထုတ်လာသည်။

ထိုင်းအမျိုးသားတွင် ရောဂါပိုးတွေ့ရှိခြင်းကြောင့် ထိုင်းနိုင်ငံတွင် ဇီကာ ရောဂါဖြစ်ပွားပျံ့နှံ့နေနိုင်သည်ဟု စိုးရိမ်မှုများ မြင့်တက်စေသည်။ နိုင်ငံအနှံ့တွင် ရောဂါပိုးထောက်လှမ်းရေးနှင့် ကာကွယ်တားဆီးရေး လုပ်ငန်းများကို ရောဂါထိန်းချုပ်ရေးဌာနက ပြင်ဆင်လျက်ရှိနေသည်။

အဆိုပါ ဇီကာရောဂါပိုးသည် မွေးကင်းစကလေးများသို့ ကူးစက်ပါက ဦးနှောက်ပျက်စီးစေသည့် ရောဂါပိုးတစ်မျိုးဖြစ်နိုင်သည်။ ထိုင်ဝမ်တွင် ပထမဆုံး ဇီကာရောဂါဖြစ်ပွားသူကို တွေ့ရှိခြင်းအား ရောဂါ ထိန်းချုပ်ရေးစင်တာက ဇန်နဝါရီ ၁၉ ရက်က ကြေညာခဲ့ခြင်းဖြစ်သည်။

ထိုင်ဝမ်တွင် အလုပ်အတွက် လာရောက်သည့် ထိုင်းမြောက်ပိုင်းမှ အမျိုးသားတစ်ဦးသည် တောင်ယန်းနိုင်ငံတကာလေဆိပ်သို့ ရောက်ရှိစဉ် ဖျားနာခြင်းရှိကြောင်း တွေ့ရှိ၍ ဆေးရုံ တင်ခြင်းဖြစ်သည်။ ရောဂါထိန်းချုပ်ရေးစင်တာ၏ ဓာတ်ခွဲစမ်းသပ်မှုအရ ၎င်းတွင် ဇီကာပိုးကူးစက်ခံထားရကြောင်းကို တွေ့ရှိခြင်းဖြစ်သည်။

“ဒါက ၂၀၀၃ ခုနှစ်က စပြီး ရောဂါထိန်းချုပ်ရေးစင်တာက စမ်းသပ်နမူနာပေါင်း ၅၀၀၀၀ ကျော်ပြုလုပ်ခဲ့တာမှာ ပထမဆုံးတွေ့ရှိရတဲ့ ဇီကာပိုးကူးစက်ခံထားရခြင်းပဲဖြစ်ပါတယ်။”ဟု ယင်းစင်တာက ပြောသည်။

ထို့အတွက်ကြောင့် စတင်တာအနေဖြင့် ထိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများကို ခရီးသွားလာခြင်းနှင့် ပတ်သက်ပြီး ဂရုစိုက်ရန် သတိပေးချက် ထုတ်ပြန်လိုက်သလို မော်လဒိုက်နိုင်ငံအား ရောဂါပိုး စောင့်ကြည့်ရေး အဆင့် တစ်အဖြစ် သတ်မှတ်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly