ဦးကျော်ဇေယျ PPPပါတီတွင် နုတ်ထွက်စာတင်ထားခြင်းမရှိသေးဟုဆို

ဦးကျော်ဇေယျ PPPပါတီတွင် နုတ်ထွက်စာတင်ထားခြင်းမရှိသေးဟုဆို

မတ်လ ၁၃ ရက်

PPPပါတီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျအနေဖြင့် ပါတီတွင် နုတ်ထွက်စာတင်ထားခြင်းမရှိ​သေးကြောင်း PPPပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမျိုးဆက်သွေးက ပြောသည်။

“အန်ကယ်လ်ဦးကျော်ဇေယျက နုတ်ထွက်တာတော့ မဟုတ်ဘူး။ ပါတီအဖြစ်ကနုတ်ထွက်တာမဟုတ်ဘူး။ ပါတီရဲ့ ဗဟိုအမှုဆောင်တာဝန်က ဆိုင်းငံ့ရပ်ဆိုင်းလိုက်တော့ သူက အဲ့ဒီတာဝန်ကပဲနုတ်ထွက်တာ။ ပါတီမှာ နုတ်ထွက်စာတင်မထားဘူး။ အခုချိန်အထိတော့ တင်မလာသေးဘူးပေါ့။ လူမှုကွန်ရက်မှာတော့ ဘယ်လိုရေးလဲတော့ မသိဘူး”ဟု ၎င်းက ဆိုသည်။

ဦးကျော်ဇေယျက ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၏ တာဝန်များအား ယနေ့မှစ၍ အနားယူပြီဖြစ်ကြောင်း မတ်လ ၁၃ရက်နေ့က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

PPPပါတီအနေဖြင့် ဗဟိုအမှုဆောင်အဖွဲ့မှ တွဲဘက်အတွင်းရေးမှူးအဆင့်ရှိ ပုဂ္ဂိုလ်နှစ်ဦးအပါအဝင် အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲတွင် တက်ကြွစွာပါဝင်ယှဉ်ပြိုင်ခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ဖွဲ့စည်းပြီးသော မြို့နယ်အသီးသီးရှိ ပါတီဝင်များ၊ ပါတီမှ အကြောင်းအမျိုးမျိုးပြကာ ထွက်သွားလျက်ရှိသည်ကို တွေ့မြင်နေရကြောင်း ဦးကျော်ဇေယျက ရေးသားခဲ့သည်။

“လက်ရှိအနေအထားအရလည်း ပါတီစတင်တည်ထောင်ကာစ ကော်မရှင်တွင် မူလမှတ်ပုံတင်စာရင်း၌ အမည်ပါဝင်ခဲ့ပါသော အမှုဆောင် ၁၉ဦးအနက် ၃ ဦးလောက်သာ ကျန်ရှိတော့ကြောင်း သိလိုက်ရတော့ ပါတီ၏ အနေအထားကို ခန့်မှန်းလို့ သိနိုင်ပါသည်ခင်ဗျာ”ဟု ၎င်းက ရေးသားထားသည်။

ဦးကျော်ဇေယျအားပါတီတာဝန်မှ ဆိုင်းငံ့သည့် ကိစ္စနှင့်ပတ်သက်သည့် ရုံးတွင်းအမိန့်စာကို ပါတီဘက်က ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် စာအရေးအသားမှားယွင်းမှုအပေါ် ဦးကျော်ဇေယျက ဝေဖန်ထောက်ပြထားပြီး ထုတ်ပြန်ချက်အသေးစိတ်ဖတ်ကြည့်လျှင် လက်ရှိပါတီ၏ တာဝန်ရှိသူ ဗဟိုအမှုဆောင်များ၏ အရည်အချင်းနှင့် အရည်အသွေးကို ခန့်မှန်းသိရှိနိုင်ကြောင်း ရေးသားထားသည်။

”ဦးကျော်ဇေယျမှ မဟုတ်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် မီဒီယာပေါ်မှာ ကိုယ်မြင်တာ ကိုယ်ထင်တာ ခံစားရတာ ရေးကြတာပဲလေ။ ဒါတွေအားလုံးကို အမှန်လို့ ယူဆလို့မရဘူးလို့ပဲ ကျွန်တော့်အနေနဲ့ဖြေပါရစေ။ ဒါကဦးကျော်ဇေယျကိုမှပြောချင်တာမဟုတ်ဘူး”ဟု ဒေါက်တာမျိုးဆက်သွေးက ​ပြောသည်။

ထို့အပြင် ပါတီအတွင်း ပါတီဗဟိုအမှုဆောင်အသစ်များကို လက်သင့်ရာခေါ်ကြောင်း ပါတီ၏ messenger groupတစ်ခုအတွင်း ရေးသား​ထားမှုကို ဦး​​ကျော်​ဇေယျက ၎င်း၏ လူမှုကွန်ယက်တွင်တင်ထားပြီး ယင်းကိစ္စအား မေးမြန်းရာ “မဟုတ်ပါဘူး”ဟု ​ဒေါက်တာမျိုးဆက်​သွေးက ငြင်းဆိုသည်။

ဦးကျော်ဇေယျက မီဒီယာများနှင့်တွေ့ဆုံပြီး လက်ရှိ အစိုးရ(ထုတ်ပြန်ချက်ပါအတိုင်း)ကို ဝေဖန်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရပြီး ပါတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က ပါတီတွင်းစည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်သော အပြောအဆိုအရေးအသားများ မပြုလုပ်ရန် သတိပေးတားမြစ်ခဲ့သော်လည်း ထပ်မံဝေဖန်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း PPPကထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဦးကျော်ဇေယျက “ဒေါက်တာသက်သက်ခိုင်တစ်ယောက် နိုင်ငံတော်အတိုင်ပင်ခံအား တစ်ကွင်းလုံးတစ်ယောက်တည်း ပတ်ကန်နေသည်ဟု မီဒီယာကိုဝေဖန်ခဲ့ပါသောအချက်များကိုသတိမရမေ့ချင်ယောင်ဆောင်နေသည်လားမသိ”ဟု ပြန်လည်ရေးသားခဲ့သည်။

ဦးကျော်ဇေယျသည် ပါတီ၏ မူဝါဒညွှန်ကြားချက်များနှင့် သွေဖည်နေခြင်း၊ ပါတီ၏ စံတန်ဖိုးများကို အလေးထားလိုက်နာမှုမရှိခြင်း၊ ပါတီတွင်း စည်းလုံးညီညွတ်မှုကို ထိပါးဆောင်ရွက်နေခြင်း၊ ပါတီဝင်အချင်းချင်း စိတ်ဝမ်းကွဲစေနိုင်သော အပြောအဆိုအရေးအသားများပြုလုပ်နေခြင်းအတွက် ပါတီတာဝန်များမှ ဆိုင်းငံ့ခြင်းဖြစ်ကြောင်း PPPက ထုတ်ပြန်ထားသည်။

ယင်းကိစ္စများနှင့် ပတ်သက်ပြီး ဦးကျော်ဇေယျအား မေးမြန်းနိုင်ရန် ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခဲ့ခြင်းမရှိပါ။

ဦး​ကျော်​​ဇေယျသည် ပြီးခဲ့သည့်​ရွေး​ကောက်ပွဲတွင် PPPပါတီကိုယ်စားပြုဝင်​ရောက်ယှဥ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required