အကြမ်းဖက်မှုဒဏ်အခံရဆုံး နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်က ထိပ်ဆုံး၌ ရှိနေ

အကြမ်းဖက်မှုဒဏ်အခံရဆုံး နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်က ထိပ်ဆုံး၌ ရှိနေ

အာဖဂန်နစ္စတန်နိုင်ငံသည် ၂၀၂၁ ခုနှစ်က ကမ္ဘာပေါ်တွင် အကြမ်းဖက်မှုဒဏ်အခံရဆုံး နိုင်ငံများစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နေကြောင်း စီးပွားရေးနှင့် ငြိမ်းချမ်းရေး အင်စတီကျု့ (IEP) က ထုတ်ပြန်သည့် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုညွှန်းကိန်းကို ကိုးကားပြီး Tolo News က ဖော်ပြသည်။

၂၀၂၁ ခုနှစ်က အာဖဂန်နစ္စတန်သည် ကမ္ဘာပေါ်တွင် ငြိမ်းချမ်းမှု အနည်းဆုံး နိုင်ငံ ဖြစ်ခဲ့ပြီး အကြမ်းဖက်မှုကြောင့် ထိခိုက်မှု အခံရဆုံး နိုင်ငံဖြစ်ခဲ့ကြောင်း Tolo News မှ IEP ကို ကိုးကား၍ ဖော်ပြသည်။

အာဖဂန်တွင် ၂၀၂၁ ခုနှစ်က အကြမ်းဖက်မှုကြောင့် လူပေါင်း ၁,၄၂၆ ဦး သေဆုံးခဲ့ရာ ကမ္ဘာတဝန်း အကြမ်းဖက်မှုကြောင့် သေဆုံးမှုစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း ဖြစ်ကြောင်း IEP အစီရင်ခံစာက ဖော်ပြသည်။ ထို့ပြင် အာဖဂန်နစ္စတန်တွင် အကြမ်းဖက်မှုဖြစ်စဉ်များအတွင်း အနည်းဆုံး လူပေါင်း ၂၁၉၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဓားစာခံဖမ်းဆီးမှုဖြစ်စဉ် ၉၁ ခု ဖြစ်ပွားခဲ့ကြောင်း စာရင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။

အထက်ပါ အကြမ်းဖက်မှုဒဏ်ခံရသူများအနက် ထက်ဝက်ကျော်မှာ အရပ်သားများဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။ ယင်းတွင် ၂၀၂၁ ခုနှစ်က ကဘူးလ်မြို့ နိုင်ငံတကာလေဆိပ်အနီး အိုင်အက်စ်တို့ အသေခံဗုံးခွဲတိုက်ခိုက်မှု နှစ်ခု လုပ်ဆောင်ခဲ့၍ လူပေါင်း ၁၇၀ ဦးသေဆုံးပြီး အခြား လူပေါင်း ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်လည်း ပါဝင်ကြောင်း Tolo News က ဖော်ပြသည်။

အထူးသဖြင့် အာဖဂန်နစ္စတန်ပြီးလျှင် အီရတ်နှင့် ပါကစ္စတန်တို့တွင်လည်း ၂၀၂၁ ခုနှစ်၌ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ် အများဆုံးဖြစ်ပွားခဲ့သည်။

အာဖဂန်နစ္စတန်တွင် ယမန်နှစ် ဩဂုတ်လလယ်က တာလီဘန်တို့ မြန်မြန်ဆန်ဆန် အာဏာရလာခဲ့ခြင်းနှင့်အတူ နိုင်ငံစီးပွားရေး ဖရိုဖရဲဖြစ်ကာ ဆိုးရွားလှသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း တစ်ရပ်ကို ဖြစ်ပေါ်စေခဲ့သည်။

ကုလသမဂ္ဂ၏ ထုတ်ပြန်မှုအရ အာဖဂန်နစ္စတန်တွင် လူပေါင်း ၂၄ သန်းကျော်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly