တာလီဘန်တို့ကို သက်ညှာမှု ပေးလိုက်ပါက အန္တရာယ်နှင့် ကြုံရနိုင်ဟု အာဖဂန်ဝန်ကြီးဟောင်း သတိပေး

By The Print
13 March 2022
တာလီဘန်တို့ကို သက်ညှာမှု ပေးလိုက်ပါက အန္တရာယ်နှင့် ကြုံရနိုင်ဟု အာဖဂန်ဝန်ကြီးဟောင်း သတိပေး

တာလီဘန်အဖွဲ့ကို သက်ညှာမှု ပြသခြင်းက အန္တရာယ်များပြီး ဘေးဖြစ်နိုင်သည့် အနေအထားတစ်ခု ဖြစ်လိမ့်မည်ဟု ယခင်အာဖဂန်နစ္စတန်အစိုးရ၏ သတ္တုတွင်းနှင့် ရေနံဝန်ကြီးဟောင်း နာဂစ် နီဟန်က သတိပေး ပြောကြားလိုက်သည်။

တာလီဘန်ကို သက်ညှာမှုပေးခြင်းက အခြားသော နေရာဒေသများရှိ တင်းကျပ်သော ဘာသာရေးအယူဝါဒရှိသည့် အုပ်စုအဖွဲ့များ အလားတူ သိမ်းပိုက်ထိန်းချုပ်မှုများ လုပ်ဆောင်လာစေရန် ရဲဆေးတင်ပေးလိုက်သလို ဖြစ်လိမ့်မည်ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် နော်ဝေနိုင်ငံ၌ နိုင်ငံရေး ဒုက္ခသည်တစ်ဦးအဖြစ် နေထိုင်လျက်ရှိသည့် နာဂစ် နီဟန်က တောင်အာရှဒေသ လေ့လာမှုဆိုင်ရာ ဥရောပဖောင်ဒေးရှင်း၏ ညွှန်ကြားရေးမှူး ဂျူနိတ် ကူရီရှီ နှင့် တွေ့ဆုံသည့် အင်တာဗျူးတစ်ခုအတွင်း အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လက်ရှိ တာလီဘန်အသစ်သည် ယခင် တာလီဘန်အဟောင်းထက် ပိုမို အန္တရာယ်ရှိနေပြီး ၎င်းတို့သည် မျက်မှောက်ခေတ် အာဖဂန်နစ္စတန်နိုင်ငံတွင် မီဒီယာလုပ်ငန်းများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းများ အပါအဝင် ဒီမိုကရက်တစ် အစုအဖွဲ့များအပေါ် မလိုမုန်းထားပြီး နိုင်ငံရေးအရ အာဃာတတရားများ ကိုင်ဆွဲထားသည်ဟု ၎င်းက ပြောခဲ့သည်။

ထို့ပြင် လက်ရှိ တာလီဘန်တို့သည် တစ်ပိုင်းတစ်စစီ ကွဲနေမှုများ ရှိနေပြီး အစဉ်အလာ အမိန့်ပေးကွပ်ကဲမှုစနစ် ရှိမနေခြင်းကလည်း တာလီဘန်အုပ်ချုပ်သူတို့အတွက် နိုင်ငံတဝန်း မူဝါဒများကို စိတ်ကြိုက်ဖန်တီးအကောင်အထည်ဖော်ခွင့် ရစေလိမ့်မည် ဖြစ်သည်ဟု သူမက ပြောခဲ့သည်။

နီဟန်သည် ၂၀၁၇ ခုနှစ်က အာဖဂန်နစ္စတန်တွင် သတ္တုတွင်းနှင့် ရေနံဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပြီး ယင်းနောက် သမ္မတဟောင်း ဂါနီအစိုးရ မပါဘဲ အမေရိကန်နှင့် တာလီဘန်တို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ စတင်လုပ်ဆောင်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်တွင် ထိုရာထူးမှ နုတ်ထွက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly