အာဖဂန်-ကနေဒီယန်း အကူအညီပေးရေး လုပ်သားတစ်ဦးကို တာလီဘန်တို့ ဖမ်းဆီး

အာဖဂန်-ကနေဒီယန်း အကူအညီပေးရေး လုပ်သားတစ်ဦးကို တာလီဘန်တို့ ဖမ်းဆီး

အာဖဂန်နစ္စတန်တွင် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့ငယ်တစ်ခုကို ထူထောင်လုပ်ကိုင်နေသည့် နာဒီမာ နိုအာ အမည်ရှိ အာဖဂန်-ကနေဒီယန်း အမျိုးသမီးတစ်ဦးသည် ဖေဖော်ဝါရီလလယ်မှစ၍ တာလီဘန်တို့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။

လက်နက်ကိုင် တာလီဘန် တပ်ဖွဲ့ဝင်များသည် နိုအာ၏ ရုံးကို ဝင်ရောက်စီးနင်းပြီး သူမကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း The Frontier Post သတင်းစာက မတ်လ ၈ ရက်တွင် ဖော်ပြသည်။

နာဒီမာ၏ အကိုဖြစ်သလို လက်ရှိ အော့တဝါတွင် နေထိုင်လျက်ရှိသည့် ဒက်စ်တင်းန် နိုအာသည် နာဒီမာနှင့်အတူ အဖမ်းခံရသည့် လုပ်ဖော်ကိုင်ဘက်တစ်ဦးမှတဆင့် ညီမဖြစ်သူ၏ အခြေအနေကို မျက်ခြည်မပြတ် စုံစမ်းလျက် ရှိသည်။

“သူတို့တွေက လက်နက်တွေပြပြီး ‘နင် ငါတို့နဲ့ လိုက်ခဲ့ရမယ်’ လို့ ပြောပြီးခေါ်သွားခဲ့ကြတယ်” ဟု ဒက်စ်တင်းန် နိုအာက ပြောကြောင်း Global News က ကိုးကားဖော်ပြသည်။

နာဒီမာနှင့်အတူ အဖမ်းခံရသည့် အခြားသော အာဖဂန်လုပ်ဖော်ကိုင်ဘက်များ ပြန်လည်လွတ်မြောက်လာသော်လည်း နာဒီမာနှင့် အခြားဗြိတိန်နိုင်ငံသား လုပ်ဖော်ကိုင်ဘက်တစ်ဦးတို့ကို ယခုထိ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ၎င်းတို့မှာ နိုင်ငံခြားသားများဖြစ်နေသည့်အတွက် ဆက်လက်ထိန်းသိမ်းခံထားရခြင်း ဖြစ်နိုင်သည်။

“ဒါဟာဆိုရင် အစိုးရတစ်ခုအတွက် ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။ သူတို့ဟာ နိုင်ငံမှာ ရှိနေပြီး ကောင်းတဲ့ ကိစ္စတွေကို လုပ်ပေးချင်နေတဲ့ အမျိုးသမီးတစ်ယောက်ကို ဒီတိုင်း ခေါ်သွားတယ်။ သေနတ်တွေနဲ့ ချိန်ပြီး ဒီတိုင်း ကားနဲ့ အတင်းအကျပ် ခေါ်သွားပါတယ်” ဟု ဒက်စ်တင်းန်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly