ဘိုကလေးမြို့နယ် မြင်းကကုန်းကျေးရွာအုပ်စုတွင် ရဲစခန်းမှူး ဦးဆောင်၍ လောင်းကစားဝိုင်းများ ပြုလုပ်

ဘိုကလေးမြို့နယ် မြင်းကကုန်းကျေးရွာအုပ်စုတွင် ရဲစခန်းမှူး ဦးဆောင်၍ လောင်းကစားဝိုင်းများ ပြုလုပ်
ဓာတ်ပုံ- တင်းငုတ်ကြီးကျေးရွာတွင် လောင်းကစားဝိုင်းများ ပြုလုပ်နေသည့် မြင်းကကုန်း နယ်မြေ စခန်းမှူး ဦးစိန်တိုး၊

မတ်လ ၁၂ ရက်

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာ အုပ်စု၊ တင်းငုတ်ကြီးကျေးရွာတွင် မြင်းကကုန်းနယ်မြေ ရဲစခန်းမှူး ဦးစိန်တိုး ဆိုသူ ဦးဆောင်ကာ လောင်းကစားဝိုင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

တင်းငုတ်ကြီးကျေးရွာရှိ နှာခေါင်းကြီး (ခ) ကိုအေးလှိုင်၏ နေအိမ်ခြံဝန်းတွင် ရဲစခန်းမှူး ဦးဆောင်ကာ ကြက်ဝိုင်းများနှင့် အခြား လောင်းကစားဝိုင်းများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း ဒေသခံက ပြောသည်။

"မြင်းကကုန်း စခန်းမှူးနဲ့ နယ်ထိန်းတွေ ဦးဆောင်ပြီး အဲ့ဒီလောင်းကစားဝိုင်း တွေကို ပွဲတော်ကြီး လုပ်သလို လုပ်နေတာပါ၊ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာ ရဲတွေနဲ့ စစ်တပ် ထောက်ခံတဲ့ အသိုင်းအဝိုင်းတွေ လုပ်ချင်တာတွေ လုပ်နေကြတာကို သွားတိုင်ရင်လည်း သူတို့ လူတွေကို တိုင်တယ်ဆိုပြီး တိုင်တဲ့လူပါ အဖမ်းခံရနိုင်လို့ ဘယ်သူမှ သွားမတိုင်ရဲကြဘူး" ဟု မြင်းကကုန်း ဒေသခံက ဆိုသည်။

အဆိုပါ လောင်းကစားဝိုင်းများ ပြုလုပ်နေခြင်းကို ဘိုကလေးမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဘိုကလေးမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ဘိုကလေးမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များ သိရှိသော်လည်း အရေးယူခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

ယင်းအပြင် ဧရာဝတီတိုင်း အတွင်းက ကန်ကြီးထောင့်မြို့၊ ညောင်တုန်းမြို့၊ မော်လမြိုင်ကျွန်းမြို့၊ ပုသိမ်မြို့ အပါအဝင် မြို့နယ် အများအပြားတွင် စစ်ကောင်စီ ထောက်ခံသူများနှင့် ရဲတပ်ဖွဲ့ဝင်များ ဦးဆောင်ကာ လောင်းကစားဝိုင်းများ ပြုလုပ်နေကြပြီး၊ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူးများက တရားဝင် ခွင့်ပြု ပေးထားကြောင်း ဒေသခံများက ပြောသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required