ဝီဂါလူမျိုးတက္ကသိုလ်ပါမောက္ခတစ်ဦး ယဉ်ကျေးမှုဆိုင်ရာ ဘာသာပြန်ပေးခြင်းကြောင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ

ဝီဂါလူမျိုးတက္ကသိုလ်ပါမောက္ခတစ်ဦး ယဉ်ကျေးမှုဆိုင်ရာ ဘာသာပြန်ပေးခြင်းကြောင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ

ဝီဂါလူမျိုးပါမောက္ခ ဘာသာပြန်ဆိုသူတစ်ဦးသည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသတွင် ခွဲထွက်ရေးနှင့် အနောက်တိုင်းယဉ်ကျေးမှုကို အားပေးမြှင့်တင်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ် ခံထားရကြောင်း ဝီဂါ အတန်းဖော်ဖြစ်သူနှင့် ကျေးရွာအရာရှိတစ်ဦးက ဖမ်းဆီးခံရပြီး၄ နှစ်ကျော် အကြာတွင် RFA သို့ အတည်ပြု ပြောကြားခဲ့သည်။

ရှင်ကျန်းတက္ကသိုလ်မှ ဝေါဟာရဗေဒဌာနမှ စာပေသင်ကြားရေးဆရာ နာမီမက်အိုမာအူချကွန်၏ အရေးအသားနှင့် ဘာသာပြန်ခြင်းများသည် အမျိုးသားယဉ်ကျေးမှုကို သေးသိမ်စေကြောင်း၊ တိုင်းပြည်ကို စိတ်ဝမ်းကွဲစေရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း စသည့် စွဲချက်များဖြင့် ထောင်ဒဏ်ကျခံခဲ့ရကြောင်း နော်ဝေတွင်နေထိုင်သည့် ၎င်း၏ အတန်းဖော်ဟောင်း ဟူဆန်ဂျန်က ပြောသည်။

၂၀၁၇ ခုနှစ်တွင် အူချ်ကွန်ကို ရှင်ကျန်းမြို့တော် အူရမ်ကီတွင် ရဲများက ထိန်းသိမ်းခဲ့ပြီး နောက်ပိုင်းတွင် ဟိုတန်စီရင်စုရှိ အာဏာပိုင်များထံ လွှဲပြောင်းပေးကာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရပြီးနောက် ကီရီယက်ကောင်တီအကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း ဟူဆန်ဂျန်က တရုတ်နိုင်ငံတွင်းရှိ သတင်းရင်းမြစ်များထံမှ သိခဲ့ရသည်။

“၂၀၁၉ ခုနှစ်တုန်းက တရုတ်မှာရှိတဲ့သတင်းရင်းမြစ်ရဲ့အပြောအရ နာမီမတ်အိုမာအူချကွန်ဟာ နေမကောင်းဖြစ်နေပြီး ဆေးစစ်နေရတယ်လို့ သိရတယ်။ ဒါဟာ သူအဖမ်းခံရပြီး စုံစမ်းမေးမြန်းခံနေရတာပါ။ နာမီမတ်ဟာ ထောင်ဒဏ် ၁၀ နှစ်ကျခံနေရတယ်လို့ မကြာသေးခင်က သိလိုက်ရတယ်။ ၂၀၁၇ ခုနှစ်တုန်းက ရဲတွေက သူ့ရဲ့ စာရေးတာနဲ့ဘာသာပြန်တဲ့အလုပ်အကြောင်း စစ်ဆေးမေးမြန်းခဲ့ကြတယ်” ဟု ဟူဆန်ဂျန်က ဆိုသည်။

စာပေ၊ ဘာသာပြန်၊ သုတေသနနှင့် ကွန်ပျူတာသိပ္ပံဆိုင်ရာ အလုပ်များအတွက် အူချကွန်သည် ၂၀၁၈ အစောပိုင်းတွင် အဓမ္မဖမ်းဆီးခံခဲ့ရသည်။

အူချကွန်သည် ၂၀၀၉ ခုနှစ်တွင် ရှင်ကျန်းတက္ကသိုလ်၏ စာပေဌာနမှ ဘွဲ့ရခဲ့ပြီး ထိုနှစ်တွင်ပင် ရှင်ကျန်းသင်ကြားနည်းပညာတက္ကသိုလ်သို့ ဝင်ရောက်ခဲ့ကြောင်း အွန်လိုင်း အချက်အလက်များအရ သိရသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ရှန်ဟိုင်းဟွာတုန်သင်ကြားရေးနည်းပညာတက္ကသိုလ်တွင် ပါရဂူဘွဲ့ရယူခဲ့ကာ နောက်ပိုင်းတွင် ရှင်ကျန်းသင်ကြားနည်းပညာတက္ကသိုလ်တွင် အလုပ်ပြန်ဝင်ခဲ့သည်။

အူချကွန်သည် ကွန်မြူနစ်ပါတီ ထိန်းချုပ်သည့် Xinjiang Civilization မဂ္ဂဇင်း၏ ဧည့်အယ်ဒီတာတစ်ဦးဖြစ်ပြီး အဆိုပါမဂ္ဂဇင်းသည် ဝီဂါယဉ်ကျေးမှု၊ သမိုင်း၊ နိုင်ငံရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအကြောင်း ရေးသားသော ဒေသ၏သြဇာအရှိဆုံး စာရေးဆရာများ၏ လက်ရာများကို ထုတ်ဝေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly