ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၃၂ ဦးသေဆုံးဟု ကာကွယ်ရေးတပ်ဆို

ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၃၂ ဦးသေဆုံးဟု ကာကွယ်ရေးတပ်ဆို

မတ်လ ၁၁ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ မြောက်ဘက် သုံးမိုင်ခန့် အကွာရှိ မြောက်နုံးကျေးရွာ အနီးတွင် စစ်ကောင်စီ တပ်များကို ချင်းတွင်းရိုးမ မဟာမိတ် တပ်ပေါင်းစု၊ ဗိုလ်သူရိန် တပ်ရင်း (၁) က ယနေ့ မတ်လ ၁၁ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃၂ ဦး သေဆုံးပြီး ၉ ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုတွင် ဒေသခံ ကာကွယ်ရေးတပ် ရဲဘော် တစ်ဦး ကျဆုံးခဲ့ကြောင်း ဗိုလ်သူရိန် တပ်ရင်းမှ ရဲဘော်က ပြောသည်။

”အိုးဘို ရွာဘက်ကနေ နံနက်ပိုင်းမှာ စထွက်လာတဲ့ စခ (စစ်ကောင်စီတပ်) တွေဗျ၊ အင်အားက ၁၀၀ ကို တော်တော် ကျော်မယ်၊ များတယ်ဗျ၊ ဒီလောက် အင်အားကိုတော့ ယှဉ်ပစ်တာမျိုးတွေထက် မိုင်းကို အဓိက ထားပြီး ဦးစားပေး တိုက်ခိုက်ခဲ့တာပါဗျ၊ ကျွန်တော်တို့ မဟာမိတ်တွေရော အကုန်ပါ ပါတယ်ဗျ၊ ပွိုင့်တွေခွဲ အသီးသီး တာဝန်ယူပြီး မဟာမိတ်တွေနဲ့ ဟန်ချက်ညီညီ လှုပ်ရှား ခဲ့တာပါဗျ၊ အခွင့်သင့်လာတော့ စကစတပ်က ကျွန်တော်တို့ ပွိုင့်ဘက်ကို ရောက်လာတာဗျ၊ ကျွန်တော်တို့ကလည်း အတွဲလိုက် ပဒေသာ မိုင်းတွေနဲ့ ဆွဲလိုက်ရတယ်ဗျ၊ အချိန်က ၁၀ နာရီခွဲ လောက်ဗျ၊ မြင်လိုက်ရတာကိုက ၃၂ ကောင်ဗျ၊ အထိအခိုက်လည်း များနိုင်တယ်ဗျ၊ လုံးဝ ဖရိုဖရဲ ဖြစ်သွားတာဗျ၊ ကျွန်တော်တို့ မဟာမိတ် ရဲဘော် တစ်ဦး ကတော့ လက်နက်ကြီး ရင်ဘတ်ထိပြီး ကျဆုံးသွားတယ်” ဟု ဗိုလ်သူရိန် တပ်ရင်းမှ ရဲဘော်က ရှင်းပြသည်။

ယင်းမာပင်မြို့နယ် အနောက်ဘက်နှင့် မြောက်ဘက်ရှိ ရွာများတွင် နေထိုင်သည့် ဒေသခံ ပြည်သူများ စစ်ဘေး ရှောင်နေရပြီး၊ စစ်ကောင်စီတပ်က ရွာများ မီးရှို့ ဖျက်ဆီး နေမှုကြောင့် ဒေသခံ အများအပြား အိုးမဲ့အိမ်မဲ့ ဖြစ်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required