ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ကို ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့

ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ကို ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့

မတ်လ ၁၀ ရက်

ဗြိတိန်အစိုးရသည် အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်း၏ ပိုင်ရှင် ရုရှသူဌေး ရိုမန် အေဘရာမိုဗစ်ချ်အပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်ခြင်းနှင့်အတူ ချဲလ်ဆီးအသင်းကို ရောင်းချမည့် ၎င်း၏ အစီအစဉ်ကို ရပ်ဆိုင်းသွားစေခဲ့သည်။

အသင်းပိုင်ရှင်ဖြစ်သူကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သော်လည်း ချဲလ်ဆီးအသင်းအနေဖြင့် ပွဲစဉ်များကို ဆက်လက်ကစား၍ ရနိုင်မည် ဖြစ်ကြောင်း ဗြိတိန်အစိုးရက မတ်လ ၁၀ ရက်တွင် ပြောသည်။

အေဘရာမိုဗစ်ချ်သည် အသင်းကို လွှဲပြောင်းရောင်းချရန် စီစဉ်နေခဲ့သော်လည်း ဗြိတိန်က ၎င်းအပေါ် ချမှတ်သည့် ပိုင်ဆိုင်မှု ထိန်းချုပ်ခြင်းနှင့် ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ကလပ်အသင်းကို ခွင့်ပြုပေးထားသည့် လိုင်စင်စည်းမျဉ်းများအောက်တွင် အသင်းအား ရောင်းချမည့်လုပ်ငန်းစဉ်ကို ရပ်တန့်သွားစေခဲ့ကြောင်း သိရသည်။

ချဲလ်ဆီးအသင်း ပွဲစဉ်များ ကစားနိုင်စေရန်၊ ဝန်ထမ်းများကို လစာပေးချေနိုင်စေရန်၊ လက်မှတ်ဝယ်ယူထားသူများ ပွဲစဉ်များ ကြည့်ရှုနိုင်စေရန်အတွက် အစိုးရဘက်က အထူးလိုင်စင်တစ်ခု ထုတ်ပေးထားကြောင်း ဗြိတိန် အားကစားရေးရာ ဝန်ကြီး နာဒင်း ဒေါရစ်က ပြောသည်။

ဗြိတိန်အစိုးရအနေဖြင့် ဥရောပချန်ပီယံ နှင့် ကမ္ဘာ့ကလပ် ချန်ပီယံအသင်းကို ထိခိုက်နစ်နာစေရန် ဆန္ဒမရှိဟု ၎င်းက ပြောသည်။

“ဒါက မသေချာမရေရာမှုတစ်ချို့ကို ဖြစ်စေမယ်ဆိုတာတော့ သိပါတယ်။ ဒါပေမယ့် ရည်ရွယ်တဲ့သူတွေကိုပဲ ဒဏ်ခတ်ပိတ်ဆို့ရင်း ဘောလုံးကိုတော့ ဆက်ကစားလို့ရစေနိုင်အောင်လို့ အစိုးရအနေနဲ့ လိဂ် နဲ့ ကလပ်အသင်းတွေနဲ့အကြား လက်တွဲလုပ်ဆောင်သွားမှာပါ” ဟု ၎င်းက တွစ်တာတွင် ရေးသည်။

“ဘောလုံးကလပ်အသင်းတွေဆိုတာ ယဉ်ကျေးမှု အဖိုးတန်ရင်းမြစ်တွေ ဖြစ်သလို မိမိတို့ အသိုင်းအဝိုင်းတွေရဲ့ အခြေခံအချက်ဖြစ်ပါတယ်။ သူတို့ကို ကာကွယ်ပေးဖို့ မိမိတို့ စိတ်ပိုင်းဖြတ်ထားတယ်” ဟု ၎င်းက ပြောသည်။

ဗြိတိန်အစိုးရက ကြာသပတေးနေ့တွင် ကြေညာခဲ့သည့် ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် အေဘရာမိုဗစ်ချ် အပါအဝင် ရုရှအစိုးရနှင့်နီးစပ်သည့် စီးပွားရေးအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ် ခုနစ်ဦးကို ပစ်မှတ်ထား ချမှတ်ခဲ့ခြင်း ဖြစ်ပြီး ယင်းတွင် ရုရှ ရေနံကုမ္ပဏီ Rosneft ၏ အမှုဆောင်အရာရှိချုပ် အီဂေါ် ဆီချင်လည်း ပါဝင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required