မြောက်ဥက္ကလာမြို့နယ် ရပ်ကွက်တချို့မှာ ဒလန်တွေက ရဲနဲ့ပေါင်းပြီး စီးပွားရှာနေ

မြောက်ဥက္ကလာမြို့နယ် ရပ်ကွက်တချို့မှာ ဒလန်တွေက ရဲနဲ့ပေါင်းပြီး စီးပွားရှာနေ

မတ်လ ၉ ရက် 

အယ်ဒီတာထံပေးစာ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က ရပ်ကွက်တချို့မှာ သတင်းပေးဒလန်တွေက စစ်ကောင်စီရဲ့လုံခြုံရေးအဖွဲ့တွေနဲ့ ပေါင်းပြီး ဧည့်စာရင်းစစ်တာ၊ ဆိုင်ကယ်စီး လူငယ်တွေကို ဖမ်းဆီးပြီး ငွေတောင်းယူတာတွေ မကြာခဏဆိုသလို လုပ်နေကြပါတယ်။ 

အထူးသဖြင့် (ဃ)ရပ်ကွက်၊ (ဌ)ရပ်ကွက် နဲ့(ည)ရပ်ကွက် တွေမှာ ညပိုင်း ဧည့်စာရင်းစစ်ပြီး ဧည့်စာရင်းမတိုင်တဲ့ အိမ်တွေကို အိမ်ရှင်၊ အိမ်ဌား နှစ်ဖက်လုံးကို ငွေတောင်းတာတွေနဲ့ ရပ်ကွက်တွင်းရန်ဖြစ်ကြတဲ့ အမှုတွေဆိုရင်လည်း နှစ်ဖက်စလုံးကို ငွေတောင်းပါတယ်။

 (ဌ)ရပ်ကွက်၊ ပိတောက်လမ်းထဲမှာ ဆိုရင်မှာဆိုရင် ညဘက် ဧည့်စာရင်း လာစစ်တဲ့ လုံခြုံရေး တပ်ဖွဲ့နဲ့ အတူပါလာတဲ့ အရပ်ဝတ်နဲ့ လူတစ်ယောက်က ခြိမ်းခြောက် ဟိန်းဟောက် တာတွေ လုပ်ပါတယ်။ 

ဧည့်စာရင်း မတိုင်တဲ့သူတွေကို ရုံးရောက်ရင် မလွယ်ဘူး ဒီမှာပဲရှင်းလိုက်ဆိုပြီး အိမ်ရှင်ထံက ကျပ်တစ်သိန်းနဲ့ အိမ်ဌားတွေဆီက ကျပ်ငါးသိန်းတောင်းသွားပါတယ်။ 

ပြီးရက်ပိုင်းထဲမှာပဲ ရပ်ကွက်ထဲ အခန်းဌားနေထိုင်ကြတဲ့ ကောင်လေး နှစ်ယောက်က ည ၈ နာရီလောက်မှာ ဘီယာဆိုင်ထဲက ထွက်လာကြပါတယ်။ အဲ့ဒီကောင်လေးတွေကို  ပိတောက် ၇လမ်းထဲမှာနေတဲ့ ဒလန်လို့နာမည်ထွက်နေတဲ့သူနဲ့အတူ ဆိုင်ကယ်နှစ်စီး အရပ်ဝတ်နဲ့ လူတွေက  “ မင်းတို့ ဘယ်ကလဲ၊ ဘယ်မှ ာနေတာလဲ။ လာလိုက်ခဲ့” ဆိုပြီး ပြောပါတယ်။

အဲဒီမှာ လူတစ်ယောက်က ထွက်လာပြီး   “ ဟေ့ကောင်တွေ မင်းတို့ဘာလုပ်တာလဲ။ အဲဒီချာတိတ်တွေက ငါတို့လမ်းထဲက ” လို့ပြောလိုက်မှ အဲ့လိုဆို လက်ဖက်ရည်ဖိုး တောင်းပေးဗျာဆိုပြောပြီး  ပေါ်တင်ငွေတောင်းသွားပါတယ်။     

ယခုရက်ပိုင်းမှာ  (ဃ)ရပ်ကွက်၊ ဝေပုလ္လ (၂)လမ်းက သတင်းပေးလို့နာမည်ထွက်နေတဲ့ မအိအိချိုဆိုတဲ့သူ သူ့အိမ်ရှေ့မှာ ကားရေဆေးနေရင်း သေနတ်နဲ့ ပစ်ခံရပြီး ပွဲခြင်းပြီးသေဆုံးသွားပါတယ်။

(ည)ရပ်ကွက်က ဒလန်လို့နာမည်ကြီးနေတဲ့ ငမိုး ဆိုသူနဲ့  (ဌ)ရပ်ကွက်က ရာအိမ်မှူး စိုးကြီးဆိုတဲ့သူကတော့ သေနတ်နဲ့ ပစ်ခတ်ခံရပေမယ့် သေဆုံးခြင်းမရှိပါဘူး။ 

မြောက်ဥက္ကလာမြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့တွေ၊ အရပ်ဝတ်နဲ့ လုံခြုံရေးယူနေတဲ့သူတွေ၊ စစ်ကောင်စီထံ သတင်းပေးနေတဲ့သူတွေက နည်းအမျိုးမျိုးနဲ့ ပြည်သူတွေဆီက ငွေတောင်းယူတာတွေ လုပ်ဆောင်နေတဲ့အကြောင်းကို အများပြည်သူ သိရှိနိုင်စေရေးအတွက် မဇ္ဈိမရဲ့ အယ်ဒီတာ့ထံ ပေးစာကတစ်ဆင့် ရေးသားလိုက်ရပါတယ်။

ပြည်သူတစ်ဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required