နောင်ကြီးအိုင် ရဲစခန်း လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရ ဟုဆို

နောင်ကြီးအိုင် ရဲစခန်း လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရ ဟုဆို

မတ် ၉

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရွာ ရဲစခန်းတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို လက်နက်ကြီး သုံးလုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ငါးဦး ဒဏ်ရာ ရရှိကြောင်း မြောက်ပိုင်း ညီနောင်များ မဟာမိတ် တော်လှန်ရေး အင်အားစု (NBARS) တပ်ဖွဲ့က မဇ္ဈိမကို ပြောသည်။

အဆိုပါ နောင်ကြီးအိုင် ရဲစခန်းကို NBARS တပ်ဖွဲ့နှင့် ဂဠုန် တပ်တော် တပ်ရင်း (၂) တပ်ဖွဲ့တို့ မတ်လ ၇ ရက်နေ့တွင် ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“အသေအပျောက်တော့ မရှိဘူး။ ဒဏ်ရာရသူ တွေတော့ ရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့ဝင် ငါးယောက်လောက် ထိတယ်လို့ သိရပါတယ်” ဟု NBARS တပ်ဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

နောင်ကြီးအိုင် ရဲစခန်းတွင် စစ်ကောင်စီတပ်နှင့် ရဲ ပူးပေါင်း အင်အား ၃၀ ခန့် တပ်စွဲထားပြီး စခန်း တိုက်ခိုက်ခံရပြီးနောက် တပ်အင်အား ထပ်မံ ဖြည့်တင်းထားကြောင်း သိရသည်။

ယင်းအပြင် အရာတော်မြို့နှင့် နောင်ကြီးအိုင်ရွာ ကြားရှိ မန်းကျီးကန်ရွာတွင်လည်း စစ်ကောင်စီတပ် အင်အား ၅၀ ခန့် ရောက်ရှိ တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။

အရာတော်မြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီနှင့် ဒေသ ကာကွယ်ရေးတပ်ဖွဲ့များ အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်ရေး တင်းမာနေဆဲ ဖြစ်ကြောင်း သိရသည်။

#Mizzima

#အရာတော်မြို့နယ်

#နောင်ကြီးအိုင်ရဲစခန်း

#လက်နက်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly