အိန္ဒိယက အာဖဂန်နစ္စတန်အတွက် ဂျုံ မက်ထရစ်တန် ၂,၀၀၀ ထပ်မံ ပေးပို့

အိန္ဒိယက အာဖဂန်နစ္စတန်အတွက် ဂျုံ မက်ထရစ်တန် ၂,၀၀၀ ထပ်မံ ပေးပို့

အာဖဂန်နစ္စတန်အတွက် လူသားချင်းစာနာမှုအကူအညီအဖြစ် အိန္ဒိယက ပေးအပ်သည့် ဂျုံ မက်ထရစ်တန်ချိန် ၂,၀၀၀ ကို တင်ဆောင်ထားသည့် ဒုတိယမြောက် မော်တော်ယာဉ်တန်းသည် မတ်လ ၃ ရက်က အမ်ရစ်ဆာမြို့ အက်တာရီအရပ်ကနေ အာဖဂန်၏ ဂျလာလာဘတ်မြို့သို့ ထွက်ခွာသွားကြောင်း အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။

အဆိုပါ ပေးပို့မှုသည် အာဖဂန်ပြည်သူများအတွက် အိန္ဒိယက ပေးအပ်မည်ဟု ကတိပြုထားသော ဂျုံ မက်ထရစ်တန်ချိန် ၅၀,၀၀၀ ၏ အချို့ ဖြစ်သည်။ ထို စားနပ်ရိက္ခာများကို ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ဖြန့်ဖြူးပေးမည် ဖြစ်သည်။

“အိန္ဒိယဟာ အာဖဂန်နစ္စတန်ပြည်သူတွေနဲ့ အထူးဆက်ဆံရေး ရှိနေစေဖို့ ဆက်လက် ရည်မှန်းထားပါတယ်” ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အေရင်ဒမ် ဘက်ဂ်ချီက တွစ်တာတွင် ရေးသည်။

ပါကစ္စတန်နိုင်ငံကို ဖြတ်ပြီး ကုန်းလမ်းကြောင်းဖြင့် အာဖဂန်နစ္စတန်သို့ ဂျုံ မက်ထရစ်တန်ချိန် ၅၀,၀၀၀ ပေးပို့သွားမည် ဖြစ်ကြောင်း အိန္ဒိယက ယခုလအစောပိုင်းက ကြေညာထားသည်။

အမ်ရစ်ဆာမြို့ကနေ ဂျုံတင်ထရပ်ကားများ ပထမဆုံး စတင်ထွက်ခွာမှု အခမ်းအနားတွင် အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် ဟာ့ရှ် ဗာ့ဒ်ဟန် ရှရင်ဂလာ တက်ရောက်ခဲ့သည်။

အိန္ဒိယအစိုးရအနေဖြင့် အာဖဂန်ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီများ ထောက်ပံ့ပေးရန် သတ်မှတ်ထားကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့သည့်လက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly