ယူကရိန်းဆီ လက်နက်တင်ပို့မှု ခက်ခဲလာနိုင်ဟု အမေရိကန် ပြော 

ယူကရိန်းဆီ လက်နက်တင်ပို့မှု ခက်ခဲလာနိုင်ဟု အမေရိကန် ပြော 

မတ် ၈

အနောက်နိုင်ငံများအနေဖြင့် လက်ရှိအထိ ယူကရိန်းဆီ လက်နက်များ အောင်မြင်စွာ ပေးပို့နိုင်ထားသော်လည်း လာမည့်ရက်များအတွင်း ယင်းသို့ လက်နက်တင်ပို့မှုက ခက်ခဲလာနိုင်ကြောင်း အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီ ရှားမန်းက တနင်္လာနေ့တွင် ပြောသည်။ 

“အခြေအနေတွေ အခက်ခဲဆုံးမှာတောင် ယူကရိန်းဆီ တင်ပို့ရမယ့် လက်နက်ထောက်ပံ့မှုတွေ ရှိနေတယ်လို့ ကျွန်မ ထင်ပါတယ်”ဟု စပိန်သို့ ရောက်ရှိနေသည့် ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

“နိုင်ငံတကာအဖွဲ့အစည်းဟာ အတော်လေး တုံ့ပြန်ထားပြီး လက်နက်တွေ တင်ပို့မယ့် နည်းလမ်းကို ရှာကြံထားတယ်၊ ဒါဟာ လာမယ့်ရက်တွေမှာ အခက်အခဲတွေ ရှိလာဖွယ် ရှိပြီး ကျွန်မတို့အနေနဲ့ ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ အခြား လမ်းကြောင်းတွေ ရှာကြံရလိမ့်မယ်”ဟု သူက အသေးစိတ် မဆိုဘဲ ပြောသည်။ 

ဖေဖော်ဝါရီ ၂၄ ရက်၌ ရုရှ ကျူးကျော်ချိန်မှစကာ ယူကရိန်းထံ အနောက်မဟာမိတ်များက လက်နက်များ၊ ခဲယမ်းမီးကျောက်များနှင့် ရန်ပုံငွေများ ပေးအပ်လျက် ရှိနေသည်။ 

ကျူးကျော်မှုကို ယူကရိန်းအစိုးရက တွန်းလှန်တိုက်ခိုက်ရာ၌ အထောက်အကူပြုရန် အမေရိကန်နိုင်ငံသည် စစ်လက်နက်ပစ္စည်း အမေရိကန်ဒေါ်လာ သန်း ၃၅၀ ဖိုး ပြီးခဲ့သည့်လအတွင်း ခွင့်ပြုခဲ့ရာ အမေရိကန်သမိုင်းတွင် အကြီးဆုံးသော ထောက်ပံ့မှုလည်း ဖြစ်သည်။ 

တစ်ချိန်တည်းတွင် ဥရောပသမဂ္ဂကလည်း လက်နက်ဝယ်ယူရေးနှင့် ယူကရိန်းထံ လက်နက်ပေးပို့ရေးအတွက် ယူရိုငွေ သန်း ၄၅၀ (အမေရိကန်ဒေါ်လာ သန်း ၅၀၀) ကို ရန်ပုံငွေ စိုက်ထုတ်ရန် သဘောတူထားသည်။ 

ယူကရိန်းအနေဖြင့် ကျူးကျော်ခံရသည့် နိုင်ငံကို စစ်လေယာဉ်များအပါအဝင် စစ်ရေးအကူအညီ တိုးမြှင့်ပေးရန် အနောက်နိုင်ငံများအား တိုက်တွန်းထားသည်။ သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ၎င်း၏ လေယာဉ်မှူးများ ပျံသန်းရန် လေ့ကျင့်သင်ကြားထားသည့် ရုရှလုပ် လေယာဉ်များ ထောက်ပံ့ရန် မေတ္တာရပ်ခံထားသည်။ 

“သမ္မတ ဇယ်လန်စကီး တောင်းဆိုတာကို ကျွန်မတို့ ပေးနိုင်ဖို့က အရေးကြီးပါတယ်၊ ဘာကြောင့်လည်းဆိုတော့ သူ့ စစ်တပ်က ဘာကို အလိုအပ်ဆုံးဖြစ်သလဲဆိုတာ သူ သိလို့ပါပဲ”ဟု တူရကီ၊ စပိန်နှင့် မြောက်အာဖရိကဆီ သီတင်းပတ်ကြာ ခရီးစဉ်ထွက်ခွာလာသည့် ရှားမန်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required