တော်လှန်ရေး ၂ ခု တစ်ပြိုင်ထဲ လုပ်နေသည့် ရန်ကုန် အမျိုးသမီးများ သပိတ်စစ်ကြောင်း ချီတက်

တော်လှန်ရေး ၂ ခု တစ်ပြိုင်ထဲ လုပ်နေသည့် ရန်ကုန် အမျိုးသမီးများ သပိတ်စစ်ကြောင်း ချီတက်

မတ်လ ၈ ရက်

ရန်ကုန် အမျိုးသမီးများ သပိတ်စစ်ကြောင်းသည် ယနေ့ မတ်လ ၈ ရက်တွင် ကျရောက်သည့် အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အဖြစ် “ဣတ္ထိယတွေ ရှေ့သို့ချီ အကြမ်းဖက်မှုကို အမြစ်ဖြတ်မည်” ခေါင်းစဉ်ဖြင့် ချီတက်ဆန္ဒပြ ခဲ့ကြသည်။

“လက်ရှိ တော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုက အတိုင်းအတာ တစ်ခုထိ အရေးပါ ပါတယ်။ ကျွန်မတို့ အမျိုးသမီးတွေက တော်လှန်ရေး နှစ်ခုကို တစ်ပြိုင်ထဲ လုပ်နေရတာ ဖြစ်တယ်။ အာဏာရှင်ကိုလည်း တော်လှန်ရတယ်၊ ခေတ်အဆက်ဆက် အမျိုးသမီးတွေ အပေါ် ဖိနှိပ် ခွဲခြား တာကလည်း ရှိတော့ ဒါကိုလည်း ကျွန်မတို့ တော်လှန်ရတယ်” ဟု Women Alliance Burma အဖွဲ့ဝင် မချောဝတ်ရည်အေး ကပြောသည်။

ယနေ့ နံနက်ပိုင်းက ရန်ကုန်၊ သာကေတမြို့နယ်တွင် ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲ၌ အမျိုးသမီး အင်အား ၂၀ ကျော် ပါဝင်ကာ “ဒို့ အမျိုးသမီးတွေ ညီရဲ့လားဟေ့၊ ဘက်လိုက်မှုတွေ ချက်ချင်းရပ်၊ အာဏာရှင်စနစ် အမြစ်ဖြတ်” စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့သည်။

“အမျိုးသမီးတွေ အပြင် အမျိုးသားတွေ ကလည်း ထဘီတွေ ခေါင်းပေါင်း ပေါင်းပြီး ဝန်းရံ ပေးကြတယ်” ဟု မချောဝတ်ရည်အေး က ဆက်ပြောသည်။

အဆိုပါ ဆန္ဒပြပွဲကို Women Alliance Burma က ဦးဆောင်ကာ ရေဘဝဲ ပြည်သူ့ အကျိုးပြု လူငယ် အဖွဲ့အစည်း ၊ Youth Association of Thingangyun (YAT) ၊ LGBT community Yangon ၊ လူငယ်များ သမဂ္ဂ (Youth Union) ၊ Revolution Force (RF) ၊ စမ်းချောင်း ပင်မ သပိတ် စစ်ကြောင်း ၊ Labour Alliance အဖွဲ့ဝင် CTUM ၊ တော်လှန်သွေး မကုန် တောင်ဒဂုံ သပိတ် အင်အားစု တို့ ပူးပေါင်း ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဂုဏ်ပြု ကြိုဆိုသည့် အပြင် စစ်အာဏာရှင် စနစ် ဆန့်ကျင်ကြောင်း ပြသသည့် အနေဖြင့် နိုင်ငံ တစ်ဝှမ်းရှိ အမြို့မြို့ အနယ်နယ်၌ ချီတက် ဆန္ဒပြ နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly