အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ တာလီဘန်တို့ တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံရှာဖွေမှုများ လုပ်ဆောင်နေမှုအပေါ် ဥရောပသမဂ္ဂ (အီးယူ) က ပြစ်တင်ရှုတ်ချလိုက်ပြီး ပြစ်မှုတစ်ခု ဖြစ်ကြောင်း သတိပေးထားသည်။
ထိုကဲ့သို့ တာလီဘန်တို့ တစ်အိမ်တက်ဆင်း ရှာဖွေသည့် လုပ်ရပ်များ ချက်ချင်း ရပ်ဆိုင်းရေး အာဖဂန်နစ္စတန်ဆိုင်ရာ အီးယူသံအမတ် ဗွန် ဘရန့်က တိုက်တွန်းခဲ့သည်။
လက်ရှိအချိန်တွင် ရုရှား-ယူကရိန်း အကျပ်အတည်းအပြင် အာဖဂန်နစ္စတန်ကိုလည်း ကမ္ဘာက စောင့်ကြည့်လျက် ရှိကြောင်း ၎င်းက တွစ်တာတွင် ပြောခဲ့သည်ဟု Khaama Press က ဖော်ပြသည်။
“ခြိမ်းခြောက်မှုတွေ၊ အိမ်တွေမှာ ဝင်ရောက်ရှာဖွေတာတွေ၊ ဖမ်းဆီးတာတွေ၊ မတူညီတဲ့ မျိုးနွယ်စုတွေရဲ့ မျိုးနွယ်စုဝင်တွေနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာတွေက ပြစ်မှုမြောက်ပြီး ဒါတွေကို ချက်ချင်း ရပ်ဆိုင်းရပါလိမ့်မယ်” ဟု ဗွန် ဘရန့်က တွစ်တာတွင် ရေးသည်။
မိမိတို့အနေဖြင့် ပူတင်၏ စစ်ပွဲအပြင် အာဖဂန်နစ္စတန်နိုင်ငံကိုလည်း စောင့်ကြည့်နေသည်ဟု ၎င်းက ယူကရိန်းရှိ ရုရှားစစ်တပ်၏ စစ်ဆင်ရေးကို ရည်ညွှန်းပြောဆိုခဲ့ကြောင်း Khaama Press က ဖော်ပြသည်။
တာလီဘန်တို့သည် ကဘူးလ်တွင် ပြီးခဲ့သည့် အပတ်မှစပြီး တစ်အိမ်တက်ဆင်း ရှာဖွေမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ချိန် ယင်း ပြောဆိုချက် ထွက်ရှိလာခြင်း ဖြစ်သည်။
တာလီဘန်တို့၏ ထိုလုပ်ဆောင်ချက်အပေါ် မီဒီယာများသာမက နိုင်ငံသားများ၊ ဂျာနယ်လစ်များနှင့် အာဖဂန်နစ္စတန် အခြေအနေကို စောင့်ကြည့်နေသော ပြည်ပရှိ အရပ်ဘက်လူ့အဖွဲ့အစည်း အဖွဲ့ဝင်များက ဆိုရှယ် မီဒီယာ ပလက်ဖောင်းများပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ပြစ်တင်ထားသည်။