ရုရှအား အင်တာပိုအဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းရန် အနောက်အုပ်စု တောင်းဆို 

ရုရှအား အင်တာပိုအဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းရန် အနောက်အုပ်စု တောင်းဆို 

မတ် ၇

ဗြိတိန်နှင့် အမေရိကန်အပါအဝင် အနောက်နိုင်ငံအချို့က ရုရှအား အင်တာပို နိုင်ငံတကာရဲတပ်ဖွဲ့ အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းရန် တောင်းဆိုထားကြောင်း ဗြိတိန် ပြည်ထဲရေးဝန်ကြီး ပရီတီ ပါတဲလ်အရ သိရသည်။ 

ရုရှအား အင်တာပို၏ စနစ်အတွင်း ပါဝင်ခြင်းမှ ချက်ချင်း ရပ်ဆိုင်းရန် ဗြိတိန်၊ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျနှင့် နယူးဇီလန်တို့က တောင်းဆိုခြင်းဖြစ်ကြောင်း ပါတဲလ်က တွစ်တာတွင် တနင်္ဂနွေနေ့က ရေးသားသည်။ 

အထက်ပါ နိုင်ငံအုပ်စုသည် အင်တာပို အမှုဆောင်ကော်မတီသို့ ယခုသီတင်းပတ်အတွင်း ဆုံးဖြတ်ချက်ချရန်လည်း တောင်းဆိုထားသည်။ 

“ရုရှရဲ့ လုပ်ရပ်တွေဟာ တစ်သီးပုဂ္ဂလနဲ့ နိုင်ငံတကာ ဥပဒေ ပူးပေါင်းဆောင်ရွက်မှုကို တိုက်ရိုက်ခြိမ်းခြောက်နေတယ်”ဟု ပါတဲလ်က ထပ်လောင်းဆိုသည်။ 

ယခုကဲ့သို့ တောင်းဆိုရသည့် အကြောင်းရင်းကို ပါတဲလ်က အထူးတလည် မဖော်ပြသော်လည်း ရုရှသည် ၎င်း၏ အရှေ့ဥရောပ အိမ်နီးချင်း ယူကရိန်းနိုင်ငံကို ကျူးကျော်ခြင်းကြောင့် အနောက်မဟာမိတ်များက သံတမန်ရေးနှင့် စီးပွားရေး အထီးကျန်အောင် ကြိုးပမ်းလျက် ရှိနေသည်။ 

ရုရှသည် ကျူးကျော်မှုအတွင်း စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် “အလွန် ယုံကြည်ရသော သတင်းများ”ကို အမေရိကန်က ရရှိထားသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်က တနင်္ဂနွေနေ့တွင် ပြောဆိုသည်။ 

ပြီးခဲ့သည့် သီတင်းပတ် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင်လည်း အဖွဲ့ဝင်များက ယူကရိန်းတွင် ရုရှတပ်ဖွဲ့ဝင်များ ကျူးလွန်သော မတရားဖိနှိပ်မှုများကို စုံစမ်းစစ်ဆေးရန် တစ်ခဲနက် မဲပေးခဲ့သည်။ 

အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၄ နိုင်ငံပါဝင်သည့် အင်တာပိုသည် နိုင်ငံတကာမူခင်းများအား ထိန်းသိမ်းကြပ်မတ်ရာတွင် လွယ်ကူအဆင်ပြေစေရန် ဖွဲ့စည်းထားသည့် နိုင်ငံတကာရဲတပ်ဖွဲ့ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly