ရုရှတွင် စစ်ဆန့်ကျင်ရေး ဆန္ဒပြသူ ၄,၆၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရ

ရုရှတွင် စစ်ဆန့်ကျင်ရေး ဆန္ဒပြသူ ၄,၆၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရ
Photo - AFP

မတ် ၇

ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲမှုအပေါ် ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ယမန်နေ့ မတ်လ ၆ ရက်က ရုရှနိုင်ငံတစ်ဝန်း မြို့ကြီးများ၌ ပေါ်ပေါက်ခဲ့ရာတွင် လူပေါင်း ၄,၆၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ပြောသည်။

ယမန်နေ့ မတ်လ ၆ ရက်သည် ရုရှက ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှု၏ ၁၁ ရက်မြောက်နေ့လည်း ဖြစ်သည်။

မော်စကို၌ ခွင့်ပြုချက် မရရှိသည့် ဆန္ဒပြပွဲတစ်ခုတွင် လူပေါင်း ၂,၅၀၀ ခန့် ပါဝင်ဆန္ဒပြခဲ့ကြပြီးနောက် လူပေါင်း ၁,၇၀၀ ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

အလားတူ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် စိန့် ပီတာစဘာ့ဂ်တွင် လူ ၁,၅၀၀ ခန့် ပါဝင်သည့် ပိုမိုသေးငယ်သော စုဝေးဆန္ဒပြပွဲတစ်ခု ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၇၅၀ ခန့် ထိန်းသိမ်းခံခဲ့ရကြောင်း ရုရှ သတင်းအေဂျင်စီများက ဖော်ပြသည်။

ရုရှနိုင်ငံတစ်ဝန်း မြို့ပေါင်း ၆၅ မြို့၌ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများအတွင်း ဖမ်းဆီးထိန်းသိမ်းခံရသူ စုစုပေါင်းသည် ၄,၆၄၄ ဦး အထိ ရှိကြောင်း ဆန္ဒပြပွဲများအတွင်း ဖမ်းဆီးထိန်းသိမ်းခံရမှုများကို စောင့်ကြည့်မှတ်တမ်းတင်နေသည့် OVD-Info အဖွဲ့က ပြောသည်။

ရဲများသည် ဆန္ဒပြသူများကို ဖြိုခွင်းနှိမ်နင်းရာတွင် လျှပ်စစ်တုတ်များ အသုံးပြုခဲ့သည်ဟု ယင်းအဖွဲ့က ပြောသည်။

ထို့ပြင် မျက်မြင်တွေ့သူများ ရိုက်ကူးထားသည့် ဓာတ်ပုံ၊ ဗီဒီယိုများကိုလည်း ယင်းအဖွဲ့က တယ်လီဂရမ်တွင် တင်ခဲ့ပြီး အဆိုပါ ဓာတ်ပုံ၊ ဗီဒီယိုများထဲတွင် အဓိကရုဏ်း နှိမ်နင်းရေး ရဲများက ဆန္ဒပြသူများကို နံပါတ်တုတ်များဖြင့် ရိုက်နှက်နေမှုနှင့် ဆန္ဒပြသူတစ်ချို့ မျက်နှာတွင် သွေးများ စီးကျနေမှုတို့ကို ပြသနေခဲ့သည်။

အလားတူ ရုရှ၏ လူသိအများဆုံး လူ့အခွင့်အရေးအဖွဲ့ ဖြစ်သည့် Memorial အဖွဲ့၏ ဦးဆောင် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သော အိုလက်ဂ် အော်လော့ဗ်လည်း မြို့တော်ရှိ Menezhnaya ရင်ပြင်၌ လက်ကိုင်ပိုစတာတစ်ခု ကိုင်ဆောင်ဆန္ဒပြနေခဲ့စဉ် ဖမ်းဆီးခံလိုက်ရကြောင်း ယင်းအဖွဲ့က ပြောသည်။

ထို့ပြင် နိုဘယ်လ်ဆု ရရှိနိုင်သည့် အလားအလာရှိသူတစ်ဦးအဖြစ် ထင်ကြေးပေးခံခဲ့ရသည့် ဝါရင့် လူ့အခွင့်အရေး စည်းရုံးလှုံ့ဆော်သူတစ်ဦးဖြစ်သော ဆဗက်တ်လာနာ ဂန်းနက်ရှ်ကီနာသည်လည်း သူမ၏ အသက် ၈၀ နှစ် မွေးနေ့တွင် မော်စကို၌ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ဆန္ဒပြသူ တစ်စုကို တင်ဆောင်လာသည့် ရဲကားတစ်စီး ယာဉ်မတော်တဆမှု ဖြစ်ပြီး တိမ်းမှောက်ခဲ့ရာ လူ ကိုးဦး ဒဏ်ရာရခဲ့ကြောင်း မြို့၏ ရဲတပ်ဖွဲ့က ပြောသည်။

ဒုတိယအကြီးဆုံးမြို့ စိန့် ပီတာ စဘာ့ဂ်တွင် ဆန္ဒပြသူများ ပုံမှန် စုဝေးလေ့ရှိသည့် အဆောက်အအုံတစ်ခုဖြစ်သော ဂေါ့စ်တီနီ ဒီဗာ အပြင်ဘက်တွင် အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် အင်အားအများအပြားဖြင့် ကင်းလှည့်နေခဲ့သည်။

ဆိုက်ဘေးရီးယား ဒေသ နိုဗိုဆီဘာ့စ်ခ်မြို့နှင့် ယူရယ်တောင်တန်းဒေသရှိ ယီကက်တာရင်ဘာ့ဂ် ကဲ့သို့ အရှေ့ဘက်ပိုင်း နေရာများတွင် ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့ပြီး လူရာချီ ဖမ်းဆီးခံခဲ့ရပြီးနောက် အထက်ပါ ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတွင် တနင်္ဂနွေနေ့၌ တရားမဝင် ဆန္ဒပြပွဲများ ပြုလုပ်ရန် ကြိုးပမ်းမှုမှန်သမျှကို မဆိုင်းမတွ နှိမ်နင်းသွားမည် ဖြစ်ကြောင်းနှင့် စီစဉ်သူများနှင့် ပါဝင်သူများအနေဖြင့် တရားစွဲဆိုမှုများနှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်ကြောင်း ရုရှရဲတပ်ဖွဲ့က မတ်လ ၄ ရက်တွင် သတိပေးထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly