ယူကရိန်းအား တိုက်ခိုက်ရန် ဆီးရီးယား တိုက်ခိုက်ရေးသမားများကို ရုရှက စုဆောင်း 

ယူကရိန်းအား တိုက်ခိုက်ရန် ဆီးရီးယား တိုက်ခိုက်ရေးသမားများကို ရုရှက စုဆောင်း 

မတ် ၇

ရုရှနိုင်ငံသည် ၎င်း၏ ယူကရိန်းနိုင်ငံအား တိုက်ခိုက်မှုကို အရှိန်မြှင့်ရန်အတွက် မြို့ပြတိုက်ပွဲ အတွေ့အကြုံရှိ ဆီးရီးယား တိုက်ခိုက်ရေးသမားများကို စုဆောင်းနေကြောင်း အမေရိကန်တာဝန်ရှိသူများကို ကိုးကားပြီး Wall Street Journal က တနင်္ဂနွေနေ့တွင် ဖော်ပြသည်။ 

ဖေဖော်ဝါရီ ၂၄ ရက်တွင် အရှေ့ဥရောပ အိမ်နီးချင်း ယူကရိန်းအား ကျူးကျော်စစ်ဆင်ခဲ့သည့် ရုရှနိုင်ငံသည် ယင်းနိုင်ငံအား သိမ်းပိုက်ရာ၌ အထောက်အကူပေးနိုင်မည် မျှော်လင့်ကာ မကြာသေးသော ရက်များက တိုက်ခိုက်ရေးသမားများ စုဆောင်းခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူ လေးဦးက Wall Street Journal သို့ ပြောခြင်း ဖြစ်သည်။ 

ရုရှနိုင်ငံသည် သမ္မတ ဘာရှာ အယ်လ် အာဆတ် အစိုးရဘက်မှနေ၍ ဆီးရီးယားပြည်တွင်းစစ်တွင် ၂၀၁၅ မှ စတင်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ဆီးရီးယားနိုင်ငံသည် ဆယ်စုနှစ်တစ်ခုကျော်ကြာ မြို့ပြစစ်ပွဲများဖြင့် ပဋိပက္ခ နွံနစ်လျက် ရှိနေသည်။ 

ယူကရိန်းက တိုက်ပွဲများတွင် ပူးပေါင်းပါဝင်ရန် ရုရှနိုင်ငံ၌ တိုက်ခိုက်ရေးသမားအချို့ အသင့်ရှိနေသည်ဟု တာဝန်ရှိသူတစ်ဦးက ဂျာနယ်သို့ ပြောသော်လည်း တိုက်ခိုက်ရေးသမား မည်မျှအထိ စုဆောင်းထားကြောင်းကို လတ်တလော ရှင်းရှင်းလင်းလင်း မသိရသေးဘဲ သတင်းရင်းမြစ်များကလည်း အသေးစိတ် ပြောဆိုခြင်း မရှိပေ။ 

ယူကရိန်း ပဋိပက္ခတွင် နိုင်ငံခြားတပ်ဖွဲ့ဝင်များက နှစ်ဖက်စလုံးမှ ပါဝင်ထားပြီး ဖြစ်သည်။ 

ယခင် သူပုန်အဖြစ်မှ ရုရှ၏ မဟာမိတ်ဖြစ်လာသော ချေချင်းညာ သဘောထားတင်းမာသော ခေါင်းဆောင် ရမ်ဇန်ကာဒီရော့ဗ်က ယူကရိန်းအား တိုက်ခိုက်ရာ၌ ချေချင်းတိုက်ခိုက်ရေးသမားများ ပူးပေါင်းပါဝင်နေသည့် ဗီဒီယိုကို ဖြန့်ဝေခဲ့ပြီး တိုက်ပွဲအတွင်း အချို့သော တိုက်ခိုက်ရေးသမားများ သေဆုံးကြောင်း‌ ပြောသည်၊

ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာက ယူကရိန်းတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းရန် နိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားတိုက်ခိုက်ရေးသမား ၂၀၀၀၀ နီးပါး ရှိကြောင်း အတည်ပြုပြောဆိုသည်။ 

မြို့တော် ကိယက်ဗ်နှင့် ဒုတိယအကြီးဆုံး ခါကိဗ်မြို့တို့သည် ယူကရိန်းအစိုးရ၏ အုပ်ချုပ်မှုအောက်မှာပင် ရှိဆဲဖြစ်သော်လည်း ရုရှက ခါဆွန်ဆိပ်ကမ်းမြို့ကို သိမ်းပိုက်ထားပြီး နိုင်ငံအနှံ့က မြို့ပြအချက်အချာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက် ရှိသည်။ 

လက်ရှိ၌ ၁၂ ရက် မြောက်လာပြီဖြစ်သော ရုရှ၏ ကျူးကျော်တိုက်ခိုက်မှု၌ နိုင်ငံတွင်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ရသူ ပြည်သူ ၁ ဒသမ ၅ သန်းရှိပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပ၏ အလျင်မြန်ဆုံး ကြီးထွားသော ဒုက္ခသည် အကျပ်အတည်းဖြစ်သည်ဟု ကုလသမဂ္ဂက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly