တူရကီရောက် အာဖဂန်ဒုက္ခသည်များ ပြည်နှင်ဒဏ်ပေးခံရမည့်အရေး စိုးရိမ်စိတ်ဖြင့် နေထိုင်နေရ

တူရကီရောက် အာဖဂန်ဒုက္ခသည်များ ပြည်နှင်ဒဏ်ပေးခံရမည့်အရေး စိုးရိမ်စိတ်ဖြင့် နေထိုင်နေရ

လူကုန်ကူးသူများကို ငွေအမြောက်အမြားပေးပြီး တူရကီနိုင်ငံထဲသို့ ဝင်ရောက်ခဲ့ကြသည့် အာဖဂန် ဒုက္ခသည်များသည် လက်ရှိအချိန်တွင် အင်မတန် ခက်ခဲသည့် အခြေအနေတစ်ရပ်နှင့် ရင်ဆိုင် ရုန်းကန်နေကြရပြီး တရားဝင် စာရွက်စာတမ်းများ သို့မဟုတ် ဗီဇာတို့ ရှိမနေသည့်အတွက် တူရကီရဲများက ၎င်းတို့အား ပြည်နှင်ဒဏ် ပေးနိုင်သည့်အပေါ် စိုးရိမ်ပူပန်နေရကြောင်း သိရသည်။

“ကျွန်တော်ဆိုရင် နယ်စပ်ကို ဖြတ်ပြီး အခြားနိုင်ငံတွေဆီ နှစ်ခါ သွားခဲ့ပါတယ်။ ဒါပေမယ့် ပထမ တစ်ကြိမ်တုန်းက ဂရိကနေ နှင်ထုတ်ခံရပါတယ်။ ဒုတိယတစ်ကြိမ်ကျတော့ ဘူလ်ဂေးရီးယားကနေ နှင်ထုတ်ခံရပါတယ်” ဟု အာဖဂန် ဒုက္ခသည်တစ်ဦးဖြစ်သည့် ဟာမိဒ်က ပြောကြောင်း Tolo News က ဖော်ပြသည်။

အာဖဂန်ဒုက္ခသည်များက ၎င်းတို့သည် တူရကီနိုင်ငံသို့ ရောက်ရှိနိုင်ရန်အတွက် လူကုန်ကူးသူများကို ငွေအမြောက်အမြားပေးထားခဲ့ရသော်လည်း လက်ရှိအချိန်တွင် ၎င်းတို့အား တူရကီရဲများ ဖမ်းမိမသွားစေရန် လျှို့ဝှက်စွာ နေထိုင်နေကြရကြောင်း ပြောကြသည်။

တူရကီရဲများ၏ ဖမ်းဆီးခံရပါက ၎င်းတို့အား အာဖဂန်နစ္စတန်သို့ ပြန်ပို့လိမ့်မည်ကို စိုးရိမ်နေကြသည်။

“လူကုန်ကူးတဲ့သူက အင်မတန် ရက်စက်တဲ့ လူတစ်ယောက်ပါ။ သူက ကျွန်တော်တို့ကို ပြောခဲ့တုန်းက သွားရမယ့် ခရီးလမ်းက တစ်နာရီလောက်ပဲ ကြာမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ ကျွန်တော်တို့ အချိန်နှစ်ရက် ကြာခဲ့ပါတယ်။ အဲဒီအတောအတွင်း ဘာမှလည်း မစားခဲ့ရဘဲ ဗိုက်ဟောင်းလောင်း ဖြစ်ခဲ့ပါတယ်” ဟု တူရကီတွင် ရောက်ရှိနေသည့် အာဖဂန်ဒုက္ခသည်တစ်ဦးဖြစ်သည့် အဗ္ဗဒူလာက ပြောသည်။

“တကယ့်ကို ခက်ခဲကြမ်းတမ်းတဲ့ လမ်းခရီးဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ အီရန်ကို ရောက်ခဲ့တယ်။ ပြီးတော့ အဲဒီကနေတဆင့် တူရကီကို ရောက်လာခဲ့တယ်။ လမ်းမှာလည်း ကျွန်တော်တို့ ရိုက်နှက်ခံခဲ့ရပါတယ်။ အရင်က ဒီလိုအတွေ့အကြုံမျိုးလည်း မရှိခဲ့တော့ ကျွန်တော်တို့ ဒုက္ခတွေနဲ့ ကြုံခဲ့ရပါတယ်” ဟု တူရကီရောက် အခြား အာဖဂန်ဒုက္ခသည်တစ်ဦးဖြစ်သည့် နာဒင်းမ်က ပြောကြောင်း Tolo News က ဖော်ပြသည်။

လက်ရှိအချိန်တွင် တူရကီရောက် အာဖဂန် ဒုက္ခသည်အများအပြားသည် ၎င်းတို့ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထား နိုင်သည့် ဥရောပနိုင်ငံများသို့ ဆက်လက်သွားရောက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly