အာဖဂန်သို့ သွားသည့် စားနပ်ရိက္ခာထရပ်ကားများပေါ်မှ အိန္ဒိယအကူအညီ ဆိုသည့် စာတန်းများကို ပါကစ္စတန် ဖယ်ရှားပစ်

အာဖဂန်သို့ သွားသည့် စားနပ်ရိက္ခာထရပ်ကားများပေါ်မှ အိန္ဒိယအကူအညီ ဆိုသည့် စာတန်းများကို ပါကစ္စတန် ဖယ်ရှားပစ်

အာဖဂန်နစ္စတန်အတွက် လူသားချင်းစာနာမှုအကူအညီအဖြစ် အိန္ဒိယက ပေးအပ်သော ဂျုံများကို တင်ဆောင်ထားသည့် ထရပ်ကားများသည် ပါကစ္စတန်နိုင်ငံ၏ နယ်နိမိတ်ထဲကနေ ဖြတ်သန်းခဲ့ရာတွင် ပါကစ္စတန်အစိုးရက ထိုထရပ်ကားအားလုံး၌ ကပ်ထားသည့် အိန္ဒိယ၏ အကူအညီ ဆိုသည့် စာသားပါ စာတန်းပိုစတာများကို ဖယ်ရှားပစ်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ လုပ်ဆောင်ခြင်းသည် ပါကစ္စတန်ဘက်မှ အိန္ဒိယအပေါ် မုန်းတီးမှုကို ဆက်လက် ပြသလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အိန္ဒိယက‌ ပေးသော လူသားချင်းစာနာမှု အကူအညီ ဂျုံ မက်ထရစ်တန်ချိန် ၂,၀၀၀ ဝန်းကျင် တင်ထားသည့် အာဖဂန်ထရပ်ကား ၄၁ စီးသည် အိန္ဒိယ၏ အက်တာရီအရပ် စစ်ဆေးရေးဂိတ်မှတစ်ဆင့် ပါကစ္စတန် ဝါဂါ နယ်စပ်ဂိတ်ကို ဖြတ်ကျော်ခဲ့ချိန် ပါကစ္စတန်အာဏာပိုင်တို့သည် ထရပ်ကားများကို လမ်းဘေးချ ရပ်ခိုင်းခဲ့ပြီး နှံ့နှံ့စပ်စပ် စစ်ဆေးရှာဖွေမှုများ လုပ်ခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

“အာဖဂန်နစ္စတန် ပြည်သူများအတွက် အိန္ဒိယပြည်သူများ ပေးသော လက်ဆောင်” ဆိုပြီး ရေးထားသည့် စာတန်းများကို အိန္ဒိယက ထရပ်ကားများပေါ်တွင် ချိတ်ဆွဲပေးထားခဲ့ခြင်း ဖြစ်ပြီး ယင်းက ပါကစ္စတန်အစိုးရကို အမျက်ထွက်စေခဲ့ဖွယ် ရှိသည်။

စာတန်းပိုစတာများကို ထရပ်ကားများပေါ်မှ ဖယ်ရှားပြီးနောက်မှသာ ပါကစ္စတန် အကောက်ခွန်ဌာနက ဂျုံတင်အာဖဂန်ထရပ်ကားများကို ရှေ့ဆက်သွားခွင့်ပြုခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

အစောပိုင်းက ပါကစ္စတန်အစိုးရသည် စစ်ဘေးသင့် အာဖဂန်နစ္စတန်နိုင်ငံသို့ အိန္ဒိယထရပ်ကားများဖြင့် အကူအညီပစ္စည်းများ ပေးပို့မည့် အိန္ဒိယ၏ အဆိုပြုချက်ကို ငြင်းဆိုခဲ့ပြီး အိန္ဒိယအကူအညီပစ္စည်းများကို ပါကစ္စတန်ထရပ်ကားများဖြင့်သာ သယ်ဆောင်ရန် ပြောဆိုခဲ့သည်။

သို့သော် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိသင့်သလို အကူအညီများကို ရည်ရွယ်သော အကျိုးခံစားခွင့်ရှိသူများထံ အသေအချာ ရောက်ရှိစေရန် ဆန္ဒရှိကြောင်း အိန္ဒိယက တုန့်ပြန်ကာ ပါကစ္စတန်၏ အဆိုပြုချက်ကို ငြင်းဆိုခဲ့သည်။

ယင်းနောက်တွင် ပါကစ္စတန်သည် အာဖဂန်မှ ထရပ်ကားများကို ၎င်း၏ ပိုင်နက်နယ်နိမိတ်အတွင်းသို့ ဖြတ်ကျော်ခွင့်ပေးကာ အိန္ဒိယ၏ အက်တာရီသို့ ဂျုံများ သွားရောက် တင်ဆောင်စေပြီး ယင်းနောက် အာဖဂန်သို့ ပြန်သွားစေရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly