ပါကစ္စတန် ပန်ဂျပ်ပြည်နယ်တွင် ၄ နှစ်အတွင်း အမျိုးသမီး ၃,၅၀၀ ကျော် ပြန်ပေးဆွဲခံရပြီး ပျောက်ဆုံးနေ

By The Print
07 March 2022
ပါကစ္စတန် ပန်ဂျပ်ပြည်နယ်တွင် ၄ နှစ်အတွင်း အမျိုးသမီး ၃,၅၀၀ ကျော် ပြန်ပေးဆွဲခံရပြီး ပျောက်ဆုံးနေ

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်၌ ပြီးခဲ့သည့် ၄ နှစ်တာအတွင်း မိန်းကလေးငယ်များအပါအဝင် အမျိုးသမီး ၃,၅၀၀ ကျော် ပြန်ပေးဆွဲခံရပြီး ပျောက်ဆုံးလျက် ရှိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့၏ စာရင်းအချက်အလက်များကို ကိုးကားလျက် Dawn သတင်းစာက ဖော်ပြသည်။

ရဲမှတ်တမ်းများအရ အဆိုပါ မိန်းကလေးငယ်များနှင့် အမျိုးသမီးများ၏ အနေအထားကို “ပြန်ရှာမတွေ့သေးသူများ” အဖြစ် ကြေညာထားပြီး ၎င်းတို့၏ မိဘများနှင့် ရဲများအပါအဝင် မည်သူကမှ အဆိုပါအမျိုးသမီးများ မည်သည့်နေရာတွင် ရောက်နေသည်ကို မသိရှိကြောင်း အဆိုပါ သတင်းစာတွင် ရေးသားထားသည်။

ပန်ဂျပ်ပြည်နယ်၏ ခရိုင် ၃၆ ခုစလုံး၌ ၂၀၁၇ နှင့် ၂၀၂၂ ဇန်နဝါရီလအကြား ကာလအတွင်း အမျိုးသမီး ၄၀,၅၈၅ ဦး ပြန်ပေးဆွဲ ခေါ်ဆောင်ခံခဲ့ရကြောင်း သတင်းဖော်ပြချက်အရ သိရသည်။

ပန်ဂျပ်ပြည်နယ် ရဲတပ်ဖွဲ့၏ ဒေတာအချက်အလက်များအရ အဆိုပါ ပြန်ပေးဆွဲခံ အမျိုးသမီးများအနက် အမျိုးသမီး ၃,၅၇၁ ဦးသည် ပျောက်ဆုံးနေဆဲ ဖြစ်ပြီး အများစုသည် လာဟိုးမြို့ မှ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

အဆိုပါ ပျောက်ဆုံးဆဲ အမျိုးသမီးများအနက် ၁၃၆ ဦးသည် ၂၀၁၇ ခုနှစ်က ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်ပြီး ၂၀၁၈ တွင် အမျိုးသမီး ၂၃၄ ဦး ၊ ၂၀၁၉ တွင် ၃၄၄ ဦး နှင့် ၂၀၂၀ တွင် ၄၆၂ ဦးတို့ အသီးသီး ပြန်ပေးဆွဲခံခဲ့ထားရကြောင်း သိရသည်။ ၂၀၂၁ ခုနှစ်တွင်မူ အမျိုးသမီးများပြန်ပေးဆွဲခံရမှုက ကြောက်စရာကောင်းသည့် နှုန်းထားတစ်ခုဖြင့် မြင့်တက်ခဲ့ပြီး ယင်းပြည်နယ်၌ မိန်းကလေးငယ်များနှင့် အမျိုးသမီး ၂,၃၉၅ ဦးအထိ ပြန်ပေးဆွဲခံခဲ့ရကြောင်း သိရသည်။

ပါကစ္စတန်တွင် အဖိနှိပ်ခံများကို နှုတ်ပိတ်အသံတိတ်စေရန် ရည်ရွယ်ပြီး လူနည်းစုများမှ အစုအဖွဲ့ဝင်များအား အဓမ္မခေါ်ဆောင်ခြင်းနှင့် ပြန်ပေးဆွဲခြင်းတို့ကို နည်းလမ်းတစ်ခုအဖြစ် အာဏာပိုင်တို့ဘက်က အသုံးပြုသည်ဟု သိရသည်။ ယင်းသည် ပါကစ္စတန်၏ လူ့အခွင့်အရေး မှတ်တမ်းအပေါ်တွင် အစွန်းအထင်းတစ်ခုအဖြစ် ရှိနေစေခဲ့သည်။

လူနည်းစု အစုအဖွဲ့များကို အကာအကွယ်ပေးမည်ဟု ဝန်ကြီးချုပ် အီမရန် ခန်းက ကြိမ်ဖန်များစွာ ပြောထားသော်ငြား ယင်းနိုင်ငံတွင် လူနည်းစု အစုအဖွဲ့များအပေါ် ကာကွယ်ပေးရန် တင်းကျပ်သည့် အစီအစဉ်များ ဖော်ဆောင်ခြင်းမရှိမှုအတွက် ပါကစ္စတန်အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက ထပ်တလဲလဲ ပြစ်တင်ဝေဖန်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly