ဖလမ်းမြို့ စည်ပင်ဈေးနှင့် St.John ဘော်ဒါဆောင်အနီး ဓာတ်ဆီပုလင်း ပစ်ပေါက် မီးရှို့မှုဖြစ်ပွား

ဖလမ်းမြို့ စည်ပင်ဈေးနှင့် St.John ဘော်ဒါဆောင်အနီး ဓာတ်ဆီပုလင်း ပစ်ပေါက် မီးရှို့မှုဖြစ်ပွား

မတ် ၆

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ယမန်နေ့ မတ်လ ၅ ရက် ည ၉နာရီခန့်တွင် စည်ပင်ဈေးနှင့် St.John ဘော်ဒါဆောင်အနီးတွင် ဆိုင်ကယ်စီးလူနှစ်ယောက်က ဓာတ်ဆီပုလင်းဖြင့် ပစ်ပေါက် မီးရှို့ရန် ကြိုးစားခဲ့ကြောင်း မြို့ခံထံမှ သိရသည်။

စည်ပင်သာယာဈေးနှင့် ဘော်ဒါဆောင်ထဲသို့ ပစ်ခတ်ရန် ပြုလုပ်နေစဉ် အနီးရှိသူတချို့က တွေ့သွားသဖြင့် ဓာတ်ဆီပုလင်းကို ကြုံရာပစ်ချ၍ မောင်းပြေးသွားကြောင်း မြို့ခံတစ်ဦးမှ ပြောသည်။

''ဆိုင်ကယ်ပေါ်ကနေ ဓာတ်ဆီပုလင်း မီးရှို့ပြီးပစ်ပေါက်တာ။ ပတ်ဝန်းကျင်က သိပြီးတော့ ပစ်ချသွားတဲ့ မီးပုလင်းကို အချိန်မီ မီးငြိမ်းသတ်နိုင်တယ်။ ဈေးတွေ၊ အိမ်တွေကို မီးကွင်းပစ်တယ်ဆိုတာ အောက်ပြည်မှာပဲ ကြားဖူးတယ်။ အခု ဒီလိုမျိုး မီးကွင်းပစ်တယ် ပြောရမလား။ ဒါ ဖလမ်းမှာပ ထမဆုံးဖြစ်တာ''ဟု ဖလမ်းမြို့ခံတစ်ဦးက ပြောသည်။

ယင်းအပြင် ယနေ့ မတ်လ ၆ ရက် မနက်ပိုင်းတွင်လည်း Laimual ကျေးရွာ မရောက်ခင်  ဖလမ်းမြို့နှင့် ရိဒ်လမ်းမကြီးပေါ်ရှိ လူနေအိမ်တစ်လုံး မီးလောင်ပြာကျသွားကြောင်း သိရသည်။ အဆိုပါ အိမ်မီးလောင်ပြာကျခြင်းသည် ယမန်နေ့ ညဦးပိုင်းက ဖလမ်းမြို့တွင် မီးကွင်းပစ်သူများနှင့် ဆက်စပ်မှုရှိနိုင်သည်ဟုလည်း ဒေသခံများက ဆိုသည်။

၂၀၂၁ခုနှစ် အောက်တိုဘာ ၁၈ရက်ကလည်း စစ်ကောင်စီတပ်များသည် ဖလမ်းမြို့ပေါ် လုံးရန် ရပ်ကွက်အတွင်းရှိ အိမ်များ နှင့် ဆိုင်တစ်ဆိုင်ကို ဖောက်ထွင်းကာ ပစ္စည်းများ ခိုးယူသွားကြပြီး ထိုဆိုင်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ရယ်သီး ရပ်ကွက်ရှိ နေအိမ်၁၀လုံးခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ 

#MizzimaTV
#ဖလမ်းမြို့
#မီးရှို့မှုဖြစ်ပွား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly