ရုရှ၌ IKEA ဆိုင်များ ပိတ်မည်ဟု ကြေညာပြီးနောက် ပစ္စည်းများ ဝယ်ယူရန် ဈေးဝယ်သူများ လူတန်းရှည်လိုက် ပြုံတိုးခဲ့ကြ

ရုရှ၌ IKEA ဆိုင်များ ပိတ်မည်ဟု ကြေညာပြီးနောက် ပစ္စည်းများ ဝယ်ယူရန် ဈေးဝယ်သူများ လူတန်းရှည်လိုက် ပြုံတိုးခဲ့ကြ

မတ် ၆

ရုရှ-ယူကရိန်း ပဋိပက္ခစစ်ပွဲကြောင့် ရုရှနိုင်ငံရှိ အရောင်းဆိုင်အားလုံးကို ယာယီ ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း နာမည်ကျော် ပရိဘောဂနှင့် အိမ်သုံးပစ္စည်းကုမ္ပဏီ IKEA က ကြေညာခဲ့ပြီးနောက် ယခုအပတ်ထဲတွင် ရုရှဈေးဝယ်သူများသည် ပစ္စည်းများ ဝယ်ယူရန် IKEA ဆိုင်များသို့ ပြုံတိုးရောက်ရှိခဲ့ကြသည်။

IKEA ကုမ္ပဏီက သတင်းအဖွဲ့အစည်းများထံ ဝေမျှခဲ့သည့် ထုတ်ပြန်ချက်တစ်ရပ်ထဲတွင် ယင်းအနေဖြင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးကို ပံ့ပိုးရန် ဆိုင်များကို ပိတ်ထားမည် ဖြစ်ကြောင်း၊ ရုရှ-ယူကရိန်း ပဋိပက္ခက ကုမ္ပဏီ၏ ထောက်ပံ့ဖြည့်ဆည်းမှု ကွင်းဆက်အတွက် အဓိကကျသည့် ပြဿနာများကို ဖြစ်ပေါ်ထားစေခဲ့ကြောင်း ပြောခဲ့သည်။

ဓာတ်ပုံဆရာများ ရိုက်ကူး ဝေမျှထားခဲ့သည့် ဆိုရှယ်မီဒီယာပေါ်မှ ဓာတ်ပုံ၊ ဗီဒီယိုများအရ ရုရှ၌ ဖွင့်လှစ်လုပ်ကိုင်သည့် IKEA ဆိုင်ပေါင်း ၁၇ ဆိုင်အနက် ဆိုင်တချို့၏ အပြင်ဘက်တွင် လူတန်းရှည်လိုက် ဝယ်ယူရန် စောင့်ဆိုင်းနေခဲ့ကြသော ဈေးဝယ်သူများကို ပြသနေသည်။ IKEA ဆိုင်များသည် မတ်လ ၃ ရက်တွင် ပိတ်သိမ်းသွားခဲ့သည်။

လူတန်းရှည်ဖြင့် တန်းစီ စောင့်ဆိုင်းနေကြသည့် ဝယ်သူဖောက်သည်များ ဆက်မစောင့်ဘဲ ပြန်ကြရန် IKEA ဆိုင်များမှ ဝန်ထမ်းများက တိုက်တွန်းပြောဆိုမှုများ ရှိခဲ့ကြောင်းနှင့် ဆိုင်ပိတ်ချိန် မတိုင်မီ အဆိုပါ စောင့်ဆိုင်းနေသည့် ဝယ်သူအားလုံးကို ရောင်းချဝန်ဆောင်မှုပေးနိုင်မည် မဟုတ်သည့်အတွက် ယင်းကဲ့သို့ ဝန်ထမ်းများက တိုက်တွန်းအကြံပြုခဲ့ခြင်း ဖြစ်ကြောင်း မော်စကိုရှိ IKEA ဆိုင်များ၏ အတွင်းအပြင် မြင်ကွင်းများကို ဓာတ်ပုံရိုက်ယူခဲ့သည့် ပြည်တွင်းဂျာနယ်လစ်များက ပြောသည်။

သို့သော် ဈေးဝယ်သူများမှာ မပြန်ကြဘဲ တန်းစီပြီး ဆက်စောင့်နေခဲ့ကြကြောင်း ၎င်းတို့က ပြောသည်။

ရုရှ-ယူကရိန်း ပဋိပက္ခကြောင့် ရုရှတွင် လုပ်ကိုင်လည်ပတ်နေသည့် လုပ်ငန်းများကို ယာယီ ရပ်ဆိုင်းသည့် သို့မဟုတ် ယင်းနိုင်ငံကနေ လုံးလုံးလျားလျား ထွက်ခွာသည့် အဓိကကျသော အမေရိကန်၊ ဥရောပ ကုမ္ပဏီများထဲတွင် IKEA လည်း ပါဝင်လာခဲ့ခြင်းဖြစ်သည်။

Apple ၊ Nike ၊ H&M ၊ Disney နှင့် Warner Bros. တို့အပါအဝင် ကုမ္ပဏီအချို့သည် ရုရှ၌ ယင်းတို့၏ ဝန်ဆောင်လုပ်ငန်းများကို ကန့်သတ်ခြင်း သို့မဟုတ် ရပ်စဲခြင်းတို့ကို လုပ်ဆောင်ထားသည်။ အလားတူ ယူကရိန်းအပေါ် ရုရှ၏ ကျူးကျော်မှုကို ဆန့်ကျင်သည့်အနေဖြင့် ရေနံကုမ္ပဏီကြီးများဖြစ်ကြသော BP နှင့် Shell တို့သည် ရုရှအစိုးရကျောထောက်နောက်ခံပြု စွမ်းအင်ကုမ္ပဏီ Rosneft ရှိ ယင်းတို့၏ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ရုပ်သိမ်းသွားခဲ့ကြသည်။

လက်ရှိအချိန်တွင် ရုရှ၌ ဆက်လက် လည်ပတ်လုပ်ကိုင်နေသည့် နိုင်ငံခြား လက်လီဖြန့်ချိသူလုပ်ငန်းများအနေဖြင့် ယင်းတို့၏ ဆိုင်များ သို့မဟုတ် ဖြန့်ဖြူးရေးစင်တာများအတွက် ကုန်၊ပစ္စည်း ဖြည့်ဆည်းရန် ပိုမို ခက်ခဲလာလိမ့်မည် ဖြစ်ကြောင်းနှင့် အကြောင်းမှာ Maersk ၊ FedEx ၊ UPS နှင့် DHL ကဲ့သို့ ဦးဆောင် ကုန်စည်ပို့ဆောင်မှုကုမ္ပဏီများက ရုရှနိုင်ငံသို့ ပို့ဆောင်မှုများကို ရပ်ဆိုင်းထားခဲ့၍ ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly