မြောင်မြို့နယ် နေပူကုန်းရွာအား စစ်ကောင်စီတပ် မီးရှို့ပြီး အဖိုးတန် ပစ္စည်းများ ယူဆောင်

မြောင်မြို့နယ် နေပူကုန်းရွာအား စစ်ကောင်စီတပ် မီးရှို့ပြီး အဖိုးတန် ပစ္စည်းများ ယူဆောင်

မတ် ၄

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နေပူကုန်းကျေးရွာအား ဆီးမီးခုံ ရေနက်ဆိပ်ကမ်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်က ယနေ့ မတ်လ ၄ ရက် မနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဝင်ရောက် မီးရှို့ကာ နေအိမ်များရှိ အဖိုးတန် ပစ္စည်းများအား ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ် အင်အား ၆၀ ခန့် သင်္ဘော တစ်စီး မော်တော် နှစ်စီးဖြင့် ဆီမီးခုံမြို့မှ ဧရာဝတီမြစ် တစ်ဖက်ကမ်းရှိ နေပူကုန်း ကျေးရွာသို့ လာရောက်ကာ ရွာထိပ်ရှိ လဖ္ဘက်ရည်ဆိုင်၊ ဆံပင်ညှပ်ဆိုင်နှင့် နေအိမ် တစ်လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်များမှ ရွှေ၊ ငွေ၊ နွားနှင့် ဝက်တို့ကို ယူဆောင်သွားကြောင်း ဆိုသည်။

"မနက်က ၉ နာရီခွဲလောက်က သေနတ်တွေ ဖောက်ပြီး စဝင်လာတာ၊ ရွာထိပ်မှာရှိတဲ့ ဆံပင်ညှပ်ဆိုင်ရယ် လဖ္ဘက်ရည်ဆိုင်ရယ်၊ အိမ်တစ်လုံးရယ်ကို အရင်မီးရှို့တယ်၊ နောက်တော့ ရွာထဲက အိမ်တော်တော်များများကို မွှေနှောက်ရှာပြီး ရွှေတွေ ငွေတွေရယ် တစ်ခြား တန်ဖိုးရှိ ပစ္စည်းတွေရယ်ကို ယူသွားကြတယ်၊ နွားနှစ်ကောင်နဲ့ ဝက်နှစ်ကောင်လည်း ပါသွားတယ်၊ ပထမက နွားသုံးကောင် တင်တာ သူတို့ မော်တော်ပေါ်ကို တင်လိုက်တော့ မော်တော်က ပေါက်သွားလို့ သူတို့ မော်တော်တွေကို ထားခဲ့ပြီး ရွာသားတွေရဲ့ မော်တော်တွေကို ယူသွားကြတာ" ဟု ဒေသခံက ပြောသည်။

မတ်လ ၁ ရက်နေ့က စစ်သင်္ဘော နှစ်စီးအား ဒေသ ကာကွယ်ရေးတပ်များ RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ သောကြောင့် ယခုကဲ့သို့ လက်တုန့်ပြန်ခြင်း ဖြစ်ပြီး ရွာအတွင်း လှည့်လည် မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ သူတို့ပြန်ထွက်သွားတော့ မီးလောင်နေတဲ့ ဟာတွေကို မီးသွားငြိမ်းတယ်၊ ငြိမ်းနေတဲ့ အချိန်မှာ ဟိုဘက်ကမ်းကနေ ပြီးတော့ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်ဗျ၊ လူထိလိုက်မှုတော့ မရှိခဲ့ဘူး" ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီ တပ်စွဲထားသော ဆီမီးခုံ ရေနက်ဆိပ်ကမ်းနှင့် ဧရာဝတီမြစ် တစ်ဖက်ကမ်းရှိ အိမ်ခြေ ၁၅၀ ခန့်၊ လူဦးရေ ၅၀၀ ခန့် နေထိုင်သည့် နေပူကုန်းရွာမှ စစ်ကောင်စီတပ် ယူဆောင်သွားသော ပစ္စည်းတန်ဖိုး ကာလပေါက်ဈေး သိန်း ၂၀၀ ခန့်ရှိပြီး အိမ်သုံးလုံး ပျက်စီးခဲ့ရသည်။

မတ်လ ၁ ရက်နေ့က မြင်းခြံမြို့၊ ဧရာဝတီမြစ်ကြောင်းရှိ၊ ဆီမီးခုံ ရေနက်ဆိပ်ကမ်းတွင် စစ်ကောင်စီ၏ တင့်ကားတင် သင်္ဘော နှစ်စီးအား ဒေသခံ ပြောက်ကျားတပ်ဖွဲ့များ ပူးပေါင်း၍ RPG ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သေးသည်။

#နေပူကုန်းကျေးရွာ
#RPG
#စစ်သင်္ဘော

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required