ပူတင်ကို လုပ်ကြံ သတ်ဖြတ်ဖို့ အမေရိကန်အထက်လွှတ်တော်အမတ် တောင်းဆို

ပူတင်ကို လုပ်ကြံ သတ်ဖြတ်ဖို့ အမေရိကန်အထက်လွှတ်တော်အမတ် တောင်းဆို
Photo - AFP

မတ် ၄

“ရုရှနိုင်ငံရှိ လူပုဂ္ဂိုလ်တစ်ယောက်ယောက်” အနေဖြင့် သမ္မတ ဗလာဒီမာ ပူတင်ကို လုပ်ကြံ သတ်ဖြတ်သင့်သည်ဟု အမေရိကန် ဝါရင့် အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်သည့် လင်ဆေး ဂရေဟမ်က မတ်လ ၃ ရက် ညနေခင်း ရုပ်သံအင်တာဗျူးတစ်ခု၌ တောင်းဆိုပြောကြားလိုက်သည်။

“ဒါကို ဘယ်လို အဆုံးသတ်မလဲ။ ရုရှမှာ ရှိနေတဲ့ တစ်ယောက်ယောက်ကတော့ ဒီအကျပ်အတည်းကို တုံ့ပြန်ဖို့ လုပ်ဆောင်သွားရပါလိမ့်မယ်။ ဒီလူ (ပူတင်) ကို ရှင်းပစ်ရပါလိမ့်မယ်” ဟု အမေရိကန်အထက်လွှတ်တော်အမတ်က ကွန်ဆာဗေးတစ် Fox News ရုပ်သံအစီအစဉ်မှူး ရှောင် ဟန်နစ်တီကို ပြောသည်။

ယင်းနောက်တွင်လည်း လင်ဆေး ဂရေဟမ်သည် ၎င်း၏ အဆိုပါ တောင်းဆိုမှုကို တွစ်တာတွင် ထပ်မံထုတ်ဖော်ခဲ့ပြီး “ဒါကို ဖြေရှင်းနိုင်တဲ့သူတွေက ရုရှပြည်သူတွေပဲ ဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

“ရုရှမှာ ဘရုတပ်စ် တစ်ယောက်များ ရှိနေသလား” ဟု အမေရိကန်အထက်လွှတ်တော်အမတ်က ရောမ ဧကရာဇ် ဂျူးလိယက်စ် ဆီဇာအား လုပ်ကြံခဲ့သူများအနက် တစ်ဦးကို ရည်ညွှန်းရင်း ပြောသည်။

ထို့ပြင် ရုရှစစ်တပ်ထဲတွင် ပိုမိုအောင်မြင်သော ဗိုလ်မှူးကြီး စတက်ဖန်ဘာ့ဂ် လို ပုဂ္ဂိုလ်မျိုးများ ရှိနေသလားဆိုသည်ကို သိချင်မိကြောင်း လင်ဆေး ဂရေဟမ်က ပြောသည်။ ယင်းသည် ၁၉၄၄ ခုနှစ်က ဂျာမန် နာဇီအာဏာရှင် အဒေါ့ဖ် ဟစ်တလာကို ပစ်မှတ်ထားသည့် မအောင်မြင်ခဲ့သော ဗုံးခွဲ လုပ်ကြံရန် ကြိုးပမ်းမှုကို ဦးဆောင်ခဲ့သည့် ဂျာမန် ဗိုလ်မှူးကြီး စတက်ဖန်ဘာ့ဂ်ကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။

“ခင်ဗျားတို့အနေနဲ့ ခင်ဗျားနိုင်ငံအတွက်၊ ပြီးတော့ ကမ္ဘာကြီးအတွက် လုပ်သွားရပါမယ်။ ဒါက ကြီးကျယ်တဲ့ အမှုထမ်းမှုတစ်ခုဖြစ်ပါလိမ့်မယ်” ဟု အမေရိကန်အထက်လွှတ်တော်အမတ်က ပြောသည်။

ကွန်ဂရက်တွင် နှစ် ၂၀ ကျော်ကြာ တာဝန်ထမ်းခဲ့ပြီး အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့်လည်း နီးကပ်သည့် မဟာမိတ်တစ်ဦးဖြစ်ခဲ့သည့် အထက်လွှတ်တော်အမတ် လင်ဆေး ဂရေဟမ်သည် အစောပိုင်းက “စစ်ရာဇဝတ်မှုများ” နှင့် “လူသားထုအပေါ် ကျူးလွန်သော ပြစ်မှုများ ကျူးလွန်မှု”အတွက် ရုရှသမ္မတနှင့် ၎င်း၏ စစ်တပ် တပ်မှူးများအား ပြစ်တင်ရှုတ်ချသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို တင်သွင်းထားခဲ့သည်။

ပူတင်သည် ပြီးခဲ့သည့်အပတ်က ယူကရိန်းအပေါ် ကျူးကျော်စစ် စတင်ခဲ့ပြီးနောက် အရပ်သား ၃၅၀ ထက်မနည်း သေဆုံးခဲ့ကြောင်းနှင့် လူတစ်သန်းကျော် နိုင်ငံကနေ ထွက်ပြေးသွားခဲ့ပြီဖြစ်ကြောင်း ယူကရိန်းက ပြောသည်။

မော်စကိုက ယင်းအနေဖြင့် အရပ်ဘက် ဧရိယာများကို ပစ်မှတ်မထားပါဟု ပြောသော်လည်း ယင်းပြောဆိုချက်နှင့် ဆန့်ကျင်ကွဲလွဲနေသည့် အထောက်အထားများ ပျံ့နှံ့ပေါ်ပေါက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required