ယူကရိန်းအပေါ် ကျူးကျော်မှုကို တုံ့ပြန်မှုအဖြစ် ရုရှသူဌေး ၂ ဦး၏ ဇိမ်ခံရွက်လှေများကို ပြင်သစ်နှင့် ဂျာမနီက သိမ်းယူ

ယူကရိန်းအပေါ် ကျူးကျော်မှုကို တုံ့ပြန်မှုအဖြစ် ရုရှသူဌေး ၂ ဦး၏ ဇိမ်ခံရွက်လှေများကို ပြင်သစ်နှင့် ဂျာမနီက သိမ်းယူ

မတ် ၄

ရုရှသမ္မတ ဗလာဒီမာ ပူတင်၏ ကာလကြာမဟာမိတ်တစ်ဦး ဖြစ်သလို ရုရှနိုင်ငံရှိ အကြီးဆုံး ရေနံကုမ္ပဏီတစ်ခု ဖြစ်သော ရော့စ်နက်ဖ်၏ အကြီးအကဲလည်း ဖြစ်သည့် အီဂေါ် ဆီချင်၏ ဇိမ်ခံရွက်လှေတစ်စင်းကို ပြင်သစ်အာဏာပိုင်တို့က သိမ်းဆည်းလိုက်ပြီ ဖြစ်သည်။

၂၀၁၃ ခုနှစ်က တည်ဆောက်ခဲ့သည့် ဇိမ်ခံရွက်လှေတစ်စင်းဖြစ်သော Amore Vero ကို မတ်လ ၃ ရက် မနက်ပိုင်းက မြေထဲပင်လယ် ကမ်းခြေ ဆိပ်ကမ်းတစ်ခု ဖြစ်သည့် လာ ချီယိုတက် သင်္ဘောကျင်း၌ ပြင်သစ်အာဏာပိုင်တို့က သိမ်းယူလိုက်ခြင်း ဖြစ်ကြောင်း ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး ဘရူနို လီ မိုင်ရီက ပြောသည်။

ထို ဇိမ်ခံရွက်လှေသည် တန်ဖိုးအားဖြင့် စတာလင်ပေါင် ၈၆ သန်း ရှိကြောင်း ဒေတာအချက်အလက်နှင့် တန်ဖိုးတွက်ချက်မှု ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့် VesselsValue က ပြောပြီး ထိုဇိမ်ခံရွက်လှေသည် မစ္စတာ ဆီချင် အဓိကရှယ်ယာရှင်အဖြစ် ပါဝင်သည့် ကုမ္ပဏီတစ်ခုဖြင့် မှတ်ပုံတင်ထားခြင်းဖြစ်ကြောင်း ပြင်သစ်အရာရှိများက ပြောသည်။

မစ္စတာ ဆီချင်သည် ရုရှတွင် ဩဇာအကြီးဆုံးပုဂ္ဂိုလ်များအနက်မှ တစ်ဦးအဖြစ် ရှုမြင်ခံရပြီး ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ပူတင်လက်အောက်တွင် ဒုဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့သလို နိုင်ငံ၏ ထောက်လှမ်းရေးအေဂျင်စီများနှင့် အားကောင်းသည့် အဆက်အသွယ်များ ရှိနေသူ ဖြစ်သည်။

ပြီးခဲ့သည့်အပတ်က ရုရှက ယင်း၏ အိမ်နီးချင်း ယူကရိန်းအပေါ် ကျူးကျော်ဝင်ရောက်ခဲ့သည့် လုပ်ရပ်အပေါ် တုံ့ပြန်သောအားဖြင့် ဥရောပသမဂ္ဂ (အီးယူ) သည် မတ်လ ၁ ရက်က မစ္စတာ ဆီချင် နှင့်အတူ အခြားသော ရုရှသူဌေးတစ်ဦးဖြစ်သည့် အလစ်ရှာ အူစမန်နော့ဗ် တို့အပေါ် ဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။ မစ္စတာ ဆီချင်သည် ၂၀၀၄ ခုနှစ်မှစပြီး ရော့စ်နက်ဖ်၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။ အလားတူ အူစမန်နော့ဗ်သည် အာဆင်နယ်ဘောလုံးအသင်း၏ ပူးတွဲပိုင်ဆိုင်သူဟောင်းတစ်ဦးဖြစ်ခဲ့ပြီး ၎င်းသည် စီးပွားရေး လုပ်ငန်း စသည်အတွက် ငွေကြေး ထောက်ပံ့သည့် ငွေရှင်တစ်ဦး ဖြစ်သည်။

မစ္စတာ အူစမန်နော့ဗ်တွင်လည်း စုစုပေါင်းတန်ချိန် ပမာဏအားဖြင့် ကမ္ဘာတွင် အကြီးဆုံးဖြစ်သည့် ပေါင် ၄၃၇ သန်း တန်ကြေးရှိ ဇိမ်ခံရွက်လှေတစ်စင်း ရှိပြီး ယင်းသည်လည်း မတ်လ ၂ ရက်နေ့တွင် ဟမ်းဘတ် သင်္ဘောကျင်းတစ်ခု၌ ဂျာမန် အာဏာပိုင်များ၏ သိမ်းယူခြင်းကို ခံခဲ့ရသည်။

မစ္စတာ အူစမန်နော့ဗ် ၂၀၁၆ ခုနှစ်က ဝယ်ယူထားခဲ့သည့် Dibar ဇိမ်ခံရွက်သင်္ဘောတွင် ရွက်လှေတစ်စင်းပေါ်၌ တပ်ဆင်ပါရှိသမျှအနက် အကြီးဆုံးသော ရေကူးကန်တစ်ခု ပါရှိပြီး ယင်းအပြင် ရဟတ်ယာဉ် ဆင်း၊တက်ရန် နေရာနှစ်ခု၊ ဗြူတီးဆလွန်းတစ်ခုနှင့် ခရီးသည် ၂၄ ဦးအတွက် ဧည့်ခန်းပါအခန်း ၁၂ ခန်းဖြင့် နေရာတစ်ခုလည်း ပါရှိသည်။

ယင်းဇိမ်ခံရွက်လှေတွင် ပုံမှန်အားဖြင့် အမှုထမ်း ၉၆ ဦးက တာဝန်ယူအမှုထမ်းကြောင်း သိရသည်။

အလားတူ မတ်လ ၂ ရက်ကလည်း အဲဗာတန်ဘောလုံးအသင်းသည် အသင်း၏ စပွန်ဆာများ အပါအဝင် မစ္စတာ အူစမန်နော့ဗ် ပိုင် ကုမ္ပဏီများနှင့် အဆက်ဖြတ်တောက်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ယူကေ အခြေစိုက် ရုရှစီးပွားရေးလုပ်ငန်းရှင် ရိုမန် အေဘရာမိုဗစ်ချ်၏ ဇိမ်ခံရွက်လှေ အပါအဝင် ပိုင်ဆိုင်မှုများ ယခုထက်ထိ မည်သည့်အတွက်ကြောင့် သိမ်းဆည်းမခံရသေးသလဲ ဆိုသည်ကို ယူကေ အမတ်တချို့က မေးခွန်းထုတ်ထားကြသည်။

အလားတူ ရုရှ ဘီလျံနာများ ပိုင်ဆိုင်သော အခြားသော ဇိမ်ခံ ရွက်လှေ ငါးစင်းထက်မနည်းသည် ယခုအခါ မော်လ်ဒိုက်သို့ ရောက်ရှိနေကြောင်း သင်္ဘောထောက်လှမ်းမှု ဒေတာများအရ သိရသည်။

အိန္ဒိယ သမုဒ္ဒရာထဲရှိ ကျွန်းနိုင်ငံတစ်ခုဖြစ်သော မော်လ်ဒိုက်သည် အမေရိကန်နှင့်အကြား တရားခံလွှဲအပ်မှုဆိုင်ရာ သဘောတူစာချုပ်တစ်ရပ် ရှိမနေပေ။

Marine Traffic ၏ ဖော်ပြချက်အရ ထိုကျွန်းတွင် ရောက်ရှိနေသည်ဆိုသည့် ရွက်လှေများထဲတွင် ၂၀၁၈ ခုနှစ်က အမေရိကန်၏ ဒဏ်ခတ်မှု ခံထားရသည့် အလူမီနီယံလုပ်ငန်း Rusal တည်ထောင်သူ အိုလက်ဂ် ဒါရီပက်စကာ ပိုင်ဆိုင်သည့် Clio ဇိမ်ခံရွက်လှေ၊ ရုရှ သံမဏိထုတ်လုပ်သူလုပ်ငန်း Evraz ၏ ပူးတွဲတည်ထောင်သူ အလက်ဇန္ဒား အေဘရာမော့ဗ် ပိုင်သည့် Titan ရွက်လှေ နှင့် ရုရှ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဗလာဒီမာ ပိုတာနင် ပိုင်ဆိုင်သည့် ၈၈ မီတာ (၂၈၈ ပေ) ရှိသည့် Nirvana ရွက်လှေတို့ ပါဝင်နေကြောင်း သိရသည်။

ရွက်လှေအများစုသည် ယခင်ကာလက အရှေ့အလယ်ပိုင်း ဆိပ်ကမ်းများတွင် ကျောက်ချထားခဲ့သည်ကို တွေ့ခဲ့ရသည်။ ယခုကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ပန်ကြားချက်ကို မော်လ်ဒိုက်  အစိုးရ ပြောရေးဆိုခွင့်ရှိသူက မဖြေကြားခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly