ပုလဲမြို့နယ်တွင် ဒေသကာကွယ်ရေးတပ်များကို စစ်ကောင်စီတပ်ဖွဲ့က MI 35 ဖြင့် ပစ်ခတ်တိုက်ခိုက်

ပုလဲမြို့နယ်တွင် ဒေသကာကွယ်ရေးတပ်များကို စစ်ကောင်စီတပ်ဖွဲ့က MI 35 ဖြင့် ပစ်ခတ်တိုက်ခိုက်

မတ် ၄

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာတွင် ပျူစောထီးစခန်းများ ဖွင့်လှစ်ထားရာနေရာ၌ မတ်လ ၃ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ည ၁၀နာရီအချိန်ခန့်တွင် အဆိုပါတိုက်ပွဲဖြစ်ရာနေရာသို့ MI 35 လေယာဉ်ပစ်လက်နက်ဖြင့် လေယာဉ်ပေါ်မှ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

"ဒီည၉နာရီလောက်က ဇီးဖြူကုန်းကို အဖွဲ့တွေအကုန်ဝိုင်းပြီးတိုက်ကြတယ်၊ ပြန်ဆုတ်ပြီးတဲ့အချိန်မှာ စစ်ကောင်စီက သတင်းရပြီးဂျက်ဖိုက်တာ နဲ့အနောက်ကလိုက်ပစ်တာပေါ့၊ အဖွဲ့တွေအကုန်လုံးနဲ့က အခုထိအချိတ်အဆက်မရသေးတော့ ထိခိုက်မှုတွေကိုတော့ သေချာမသိရသေးဘူး” ဟု ပုလဲ ပ.က.ဖ အဖွဲ့တာဝန်ရှိသူက ပြောသည်။

ပုလဲမြို့နယ်ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က စစ်ကောင်စီက ပျူစောထီးသင်တန်းပေးနေသော ဇီးဖြူကုန်းရွာအား ထပ်မံတိုက်ခိုက်ခဲ့ပြီး အထိအခိုက်ကိုမသိရသေးပေ။

စစ်ကောင်စီမှ စစ်ကိုင်းတိုင်းအတွင်း စစ်ကိုင်းမြို့၊မုံရွာမြို့၊ရွှေဘိုမြို့နှင့် ကလေးမြို့တို့တွင်သာအင်တာနက်ရရှိပြီး ကျန်မြို့အနှံ့အပြားတွင်အင်တာနက်များ ဖြတ်တောက်ထားကြောင်း သိရသည်။

"ကျွန်တော်တို့ပုလဲနယ်မှာ အင်တာနက်ဖြတ်ထားတာ မနှစ်က ၉လပိုင်းထဲကဖြတ်ထားတာကြာပြီပေါ့၊သုံးချင်ရင် မြိုင်မြို့အစပ်တို့ယင်းမာပင်အစပ်တို့မှာသွားသုံးရတာ၊ဒီနေ့ဆိုရင် လေး မြို့ပဲရတော့ တယ်ကျန်တာတွေက ည၁၁ နာရီထိုးတာနဲ့ Lock(ပိတ်)ဖြစ်သွားပြီ သုံးလို့မရတော့ဘူး၊အခုတိုက်ပွဲသတင်းကလည်း အဖွဲ့တွေနဲ့က လုံးဝချိတ်ဆက်လို့ မရသေးဘူး"ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ဖေဖော်ဝါရီလ ၁၄ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ပုလဲမြို့နယ်၊ဇီးဖြူကုန်းရွာတွင်  စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းတပ်ဖွဲ့တို့အား ဗိုလ်နဂါး ဦးဆောင်သောကာကွယ်ရေးတပ်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီမှ အယောက် ၃၀ ခန့်သေဆုံးသည့် ဖြစ်ရပ်ဖြစ်ပွါးခဲ့သေးသည်။

#Mizzima tv
#ပုလဲမြို့နယ်
#ဒေသကာကွယ်ရေး
#MI 35

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required