အာဖဂန်နစ္စတန်၌ အကြမ်းဖက်ကွန်ရက်များ ပြန်လည်စုဖွဲ့နေမှုကို ဗြိတိန်ထောက်လှမ်းရေး သတိပေး

By Tolo News
04 March 2022
အာဖဂန်နစ္စတန်၌ အကြမ်းဖက်ကွန်ရက်များ ပြန်လည်စုဖွဲ့နေမှုကို ဗြိတိန်ထောက်လှမ်းရေး သတိပေး

အာဖဂန်နစ္စတန်နိုင်ငံတွင် အကြမ်းဖက်သမား အခြေခံအဆောက်အအုံနှင့် ကွန်ရက်များ ပြန်လည် စုဖွဲ့နေခြင်းနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ဗြိတိန်ပြည်တွင်းထောက်လှမ်းရေးဌာန MI5 ၏ အကြီးအကဲ ကန် မက်ကယ်လမ်းက သတိပေးပြောကြားလိုက်သည်။

မက်ကယ်လမ်းက Daily Mail နှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် အကြမ်းဖက်အဖွဲ့အုပ်စုများသည် အာဖဂန်နစ္စတန်တွင် ပြန်လည်ဖွဲ့စည်းလာနိုင်ပြီး ဗြိတိန်အပေါ် ပစ်မှတ်ထားကာ ခေတ်မီဆန်းသစ်သော တိုက်ခိုက်မှုများကို လုပ်ဆောင်လာနိုင်ကြောင်း ၎င်းက သတိပေးခဲ့သည်။

သို့သော် အစ္စလမ္မစ် စော်ဘွားနွယ် အာဖဂန်နစ္စတန်နိုင်ငံ၏ တာလီဘန်တို့က ၎င်းတို့နိုင်ငံတွင် နိုင်ငံခြား အကြမ်းဖက်အဖွဲ့အုပ်စုများ ရှိမနေကြောင်း ထပ်တလဲလဲ ငြင်းဆန်ထားသည်။ ထို့ပြင် အာဖဂန်မြေကို သုံးပြီး အခြားနိုင်ငံတစ်နိုင်ငံတစ်ခုခုအား တိုက်ခိုက်မှုမျိုးကို ခွင့်ပြုမည် မဟုတ်ဟု ၎င်းတို့က ပြောခဲ့သည်။

အာဖဂန်နစ္စတန်သည် ဆီးရီးယားနည်းတူ ဗြိတိန် အစွန်းရောက်ဝါဒီများအတွက် ဆွဲဆောင်ရာ နေရာတစ်ခု ဖြစ်လာနိုင်ဖွယ် ရှိကြောင်း မက်ကယ်လမ်းက သတိပေးထားသည်။

“သိသာထင်ရှားတာကတော့ ဒီလိုမျိုး ရည်မှန်းချက်တစ်ချို့နောက်ကို လိုက်ဖို့အတွက် အာဖဂန်နစ္စတန်ကို သွားဖို့ စိတ်ဝင်စားနေသူတစ်ချို့ ရှိတာကို ကျွန်တော်တို့ တွေ့ထားပါတယ်။ ဒီလိုမျိုး ခရီးသွားလာဖို့ ကြိုးပမ်းမှုတွေရဲ့ မူလဇစ်မြစ်ကို ကျွန်တော်တို့ တွေ့မြင်ထားပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ ပါတနာတွေနဲ့အတူ ကျွန်တော်တို့ဟာ ဆက်ပြီးတော့ သတိထားကြဖို့ လိုပါတယ်” ဟု မက် ကယ်လမ်းက ပြောကြောင်း Daily Mail က ကိုးကားဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly