တန့်ဆည်မြို့နယ် ရွှေကျင်ကျေးရွာက လူနေအိမ် ၃၅လုံးကို စစ်ကောင်စီတပ်နှင့် ပျူစောထီးဆိုသူများက မီးရှို့ဖျက်ဆီး

တန့်ဆည်မြို့နယ် ရွှေကျင်ကျေးရွာက လူနေအိမ် ၃၅လုံးကို စစ်ကောင်စီတပ်နှင့် ပျူစောထီးဆိုသူများက မီးရှို့ဖျက်ဆီး

မတ် ၃

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ရွှေကျင်ကျေးရွာရှိ လူနေအိမ် ၃၅လုံးကို စစ်ကောင်စီ တပ်သား များနှင့် ပျူစောထီးဆိုသူများက မတ်လ ၂ရက် ညနေ ၃နာရီခန့်တွင် မီးရှို့ဖျက်ဆီးမှုများပြုလုပ်သွားကြောင်း ဒေသခံထံမှ သိရသည်။

“ရွာလေးက ငယ်တော့ တိုးတက်အောင် လူနေမှုမြင့်မားအောင်ဆိုပြီး ပင်ပင်ပန်းပန်းနဲ့ လယ်ယာလုပ်ပြီး ဆောက်ထားတဲ့ အိမ်လေးတွေကို အရိပ်ကြည့်လို့မှ မဝသေးဘူး မီးရှို့ခံ လိုက်ရတော့ အရမ်းကို ကြေကွဲမိပါတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံက ပြောသည်။

ရွှေကျင်ရွာတွင် အိမ်ခြေ ၄၀ခန့်ရှိသည့် အနက် ၃၅ လုံးမီးလောင်ကျွမ်းခဲ့ကြောင်း၊ လက်ရှိ ရွာခံများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းက ဆိုသည်။

အနီးရှိ ဘေးရင်း ၊ ကဘဲ နှင့် ကျွန်လည်ရွာများမှ ပျူစောထီးဆိုသူများသည် စစ်ကောင်စီ တပ်ဖွဲ့ နှင့်ပူးပေါင်းပြီး လက်နက်အားကိုးဖြင့် ဒေသတွင်းရှိကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပျူစောထီးဆိုသူများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီလ ၈ရက်နှင့် ၉ရက် နေ့များကလည်း ရွှေကျင်ရွာသို့ ရောက်လာခဲ့ပြီး တဲတိုက်နှင့် စပါးများအား မီးရှို့ခဲ့ပြီး ဆိုင်ကယ်များယူသွားကြကြောင်း၊ ဖေဖော်ဝါရီ ၁၀ရက်နေ့တွင်လည်း ကျွဲနွား ၁၁ကောင်အား ဖမ်းယူသွားခဲ့ကြကြောင်း ဒေသခံကပြောသည်။

လူနေအိမ်များ မီးရှို့ခံရသော ရွာခံများမှာ အစားအစာ ၊ အဝတ်အထည်များနှင့် ဆေးဝါး အကူအညီများ အရေးပေါ် လိုအပ်လျက်ရှိနေကြောင်းသိရသည်။

#MizzimaTV

#တန့်ဆည်မြို့နယ်

#မီးရှို့ဖျက်ဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly