ချဲလ်ဆီးအသင်းကို ရောင်းချဖို့ စဉ်းစားလာရပြီဖြစ်သည့် ရိုမန် အေဘရာမိုဗစ်ချ်

ချဲလ်ဆီးအသင်းကို ရောင်းချဖို့ စဉ်းစားလာရပြီဖြစ်သည့် ရိုမန် အေဘရာမိုဗစ်ချ်

မတ် ၂

အင်္ဂလန်နာမည်ကျော် ဘောလုံးအသင်းတစ်သင်းဖြစ်သော ချဲလ်ဆီးအသင်း၏ ပိုင်ရှင်ဖြစ်သည့် ရုရှ ဘီလျံနာသူဌေး ရိုမန် အေဘရာမိုဗစ်ချ်သည် ယခုအခါ ၎င်းပိုင်အသင်းကို ရောင်းချရန် စဉ်းစားလာနေရပြီဖြစ်ပြီး ကမ်းလှမ်းမှုများကို မဖြစ်မနေ လက်ခံစဉ်းစားသွားရန် ရှိနေကြောင်း သတင်းများအရ သိရသည်။

၂၀၀၃ ခုနှစ်က အင်္ဂလန်ပရီးမီးယားလိဂ် ကလပ်အသင်းကို ဝယ်ယူခဲ့သည့် မိုဗစ်ချ်သည် အသင်း၏ ကြီးကြပ်အုပ်ချုပ်မှုကို ယင်း၏ ကုသိုလ်ဖြစ် ဖောင်ဒေးရှင်း၏ အုပ်ထိန်းသူများထံ လွှဲပြောင်းကြောင်း ဖေဖေါ်ဝါရီ ၂၇ ရက်က ကြေညာခဲ့သည်။

ယူကေတွင် စီးပွားရေးပတ်သက်မှု ရှိသည့် ရုရှ ဘီလျံနာများကို အရေးယူသွားရန် အင်္ဂလန် အစိုးရတာဝန်ရှိသူများက ဆော်ဩတောင်းဆိုခဲ့ပြီးနောက် ယင်းကိစ္စ ပေါ်ပေါက်ခြင်းဖြစ်သည်။

အသက် ၅၅ နှစ်ရှိ မိုဗစ်ချ်သည် အကြီးတန်း ရုရှတာဝန်ရှိသူများနှင့် “အကျင့်ပျက် လုပ်ဆောင်ချက်များနှင့် လုပ်ရပ်များ” နှင့် ဆက်နွယ်ပတ်သက်နေမှုကြောင့် ပြစ်မှုတစ်ခုတွင် ပါဝင်ပတ်သက်နေသည်ဟု ယူဆခံရသူအဖြစ် သတ်မှတ်ခံရမှုနှင့်အတူ ၎င်းသည် ဗြိတိန်တွင် နေထိုင်ခြင်းမှ တားမြစ်ခံရရန် ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

အင်္ဂလန်ပါလီမန်အမတ် ခရစ် ဘယန့်သည် ယခုအပတ်အတွင်း “တရားမဝင်သော ဘဏ္ဍာရေးနှင့် ဆိုးဝါးသော လုပ်ဆောင်ချက်” အပေါ် ဖြိုခွင်းနှိမ်နင်းရန် တောင်းဆိုခဲ့ချိန် အေဘရာမိုဗစ်ချ်ကို ကွက်၍ရွေးထုတ် ပြောဆိုခဲ့သည်။

၎င်းသည် ဗုဒ္ဓဟူးနေ့က ၎င်း၏ စည်းရုံးလှုံ့ဆော်မှုကို နောက်တစ်ဆင့် တက်ခဲ့ပြီး ပြောကြားရာတွင် “ရိုမန် အေဘရာမိုဗစ်ချ်နဲ့ ပတ်သက်လို့ ပြောရရင် သူဟာ ဒဏ်ခတ်အရေးယူခံရမှာကို ကြောက်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့်လည်း မနက်ဖြန်ဆို သူဟာ သူ့အိမ်ကို ရောင်းချသွားဖို့နဲ့ နောက်ထပ် တိုက်ခန်းတစ်ခုကိုလည်း ရောင်းချသွားဖို့ ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ပြောခဲ့သည်။

“ကျွန်တော် စိုးရိမ်တာကတော့ ဒီအရာတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ အချိန်အကြာကြီး ယူနေကြတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

Forbes မဂ္ဂဇင်းမှ နောက်ဆုံးရရှိသော ဒေတာများအရ ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာ ၁၉ ဘီလီယံနီးပါး ရှိသည့် အေဘရာမိုဗစ်ချ်သည် လက်ရှိအချိန်တွင် ဒေါ်လာ သန်း ၃၆၀ တန်ဖိုးရှိ မြေ၊ အိမ်ရာအဆောက်အအုံ အစုစုအပါအဝင် ယူကေရှိ ၎င်း၏ ပိုင်ဆိုင်မှုများကို ဈေးကွက်တန်ဖိုးအောက်နှုန်းထားဖြင့် ရောင်းချသွားရမည့်အရေး ရင်ဆိုင်နေရသည်။

၎င်းအတွက် တကယ့် ထိခိုက်မှုကြီးက ချဲလ်ဆီးအသင်းနှင့်ပတ်သက်သည့် ၎င်း၏ အနာဂတ်နှင့် ပတ်သက်နေသည်။ အဆိုပါ အင်္ဂလန်ကလပ်သည် မကြာသေးခင်က တန်ဖိုးအားဖြင့် ဒေါ်လာ ၄ ဘီလီယံမျှ ရှိနေခဲ့သည်။

ရုရှ ဘီလျံနာအပေါ် သောင်းသောင်းသဲသဲ ကန့်ကွက်မှုများ တိုးပွားလာနေစဉ် ၎င်းသည် လက်ရှိမတိုင်မီက ချဲလ်အဆီးအသင်းကနေ မပတ်သက်ဘဲ အဆက်ဖြတ်မည့် လက္ခဏာရပ်ကို မည်သည့်အခါကမှ မပြသထားခဲ့ပေ။

အသင်း၏ ကြီးကြပ်အုပ်ချုပ်မှုကို ယင်း၏ ကုသိုလ်ဖြစ် ဖောင်ဒေးရှင်း၏ အုပ်ထိန်းသူများထံ လွှဲပြောင်းပေးသည့် ၎င်း၏ လုပ်ဆောင်ချက်ကလည်း ၎င်းနှင့် အသင်းအကြား အလှမ်းကင်းကွာမှု တစ်ခု ဖန်တီးမည့် နည်းလမ်းတစ်ခုအဖြစ် အချို့က ရှုမြင်ခဲ့ကြသည်။ ယခုအခါ မိုဗစ်ချ်သည် ၎င်း၏ ပိုင်ဆိုင်မှုများ ဖြစ်နိုင်ခြေရှိ အသိမ်းခံရနိုင်ခြင်း အပါအဝင် မကြာမီထွက်လာမည့် ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ၎င်းသည် မလွဲသာသည့်အဆုံး မဆိုင်းမတွ ထွက်ခွာသွားရရန် ရှိလာခဲ့ပြီဟု ဗုဒ္ဓဟူးနေ့ သတင်းများက ဖော်ပြသည်။

The Telegraph ၏ ဖော်ပြမှုအရ အဖွဲ့အုပ်စု သုံးစုထက်မနည်းသည် ချဲလ်ဆီးအသင်း၏ ပိုင်ဆိုင်ခွင့်ကို လွှဲပြောင်းရယူရန် ကမ်းလှမ်းကြိုးပမ်းလျက်ရှိပြီး ယင်းကမ်းလှမ်းမှုများကို အေဘရာမိုဗစ်ချ်က ယခုအပတ်ထဲ စဉ်းစားသွားရန် ရှိနေသည်ဟု သိရသည်။

မြန်မြန်ဆန်ဆန် ရောင်းချရန် လိုအပ်နေမှုကြောင့် အေဘရာမိုဗစ်ချ်၏ ညှိနှိုင်းဆွေးနွေးမှု အနေအထားက အားနည်းလျက်ရှိခြင်းနှင့်အတူ ကမ်းလှမ်းမည့် အသင်းများသည် သဘောတူညီချက်တစ်ခု ရယူရန် ယုံကြည်ချက် ရှိနေကြသည်ဟု သိရသည်။

၎င်းသည် ယခင်က ကလပ်အသင်းအတွက် ဒေါ်လာ ၄ ဘီလီယံဖြင့် ကမ်းလှမ်းမှုကို ပယ်ချထားခဲ့သော်လည်း ယခုအခါ ၎င်းသည် ဆွေးနွေးညှိနှိုင်းမှု စားပွဲဝိုင်းသို့ မလွဲသာသည့်အဆုံး ပြန်လာခဲ့ရပြီ ဖြစ်သည်။

အေဘရာမိုဗစ်ချ်သည် ဤမတိုင်မီက Fordstam ဟိုးဒင်းလ်ကုမ္ပဏီကနေတဆင့် အသင်းထံ ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ ငွေချေးပေးထားသည်။ ယင်းအတွက်ကြောင့် ကလပ်အသင်းကို ရောင်းချမှုအတွက် ၎င်း၏ သတ်မှတ်ချက် တစ်စိတ်တစ်ဒေသအဖြစ် ၎င်းအား ထိုချေးငွေအကြွေးကို အပြည့်အဝ ပြန်ဆပ်ရမည်ဟု ၎င်းအနေဖြင့် တောင်းဆိုသွားမည်လား ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly